MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းရဲ့ အသက်(၁၈)နှစ်အရွှယ်ရှိ လူငယ်ညာနောက်ခံကစားသမားလေး တီနိုလစ်ဗာမန်တိုဟာ ဆောက်သမ်တန်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၅.၉)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး အသင်းနဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ လစ်ဗာမန်တိုဟာ ဆောက်သမ်တန်အသင်းမှာ ကျောနံပါတ်(၂၁)ကို ဝတ်ဆင်သွားရမှာလည်း ဖြစ်ပါတယ်။

ဒီနွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို များစွာပြလုပ်ထားခဲ့တဲ့ လီဂူးကလပ် မာဆေးလ်အသင်းနဲ့ လာလီဂါကလပ် ဆီဗီလာအသင်းတို့ဟာ လက်ရှိအချိန်မှာ Free Agent ကစားသမားတစ်ယောက် ဖြစ်လို့နေရတဲ့ နာပိုလီ နောက်ခံကစားသမားဟောင်း နီကိုလာမက်ခ်စီမိုဗစ်ကို ခေါ်ယူသွားဖို့အတွက် အပြိုင်စိတ်ဝင်စားလျက် ရှိနေပါတယ်။

Manchester Evening News သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်နောက်ခံအစွန်လူ ဘရန်ဒန်ဝီလီယံစ်ဟာ အသင်းမှာ နေရာရဖို့ မလွယ်ကူတာကြောင့် နွေစျေးကွက်အတွင်း အသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ထွက်ခွာရဖွယ် ရှိလို့နေပြီး ပရီးမီးယားလိဂ် ကလပ်အသင်းများစွာက ဝီလီယံစ်ကို အငှားနဲ့ ခေါ်ယူချင်နေကြပါတယ်။

အက်စတွန်ဗီလာ မစ်ဒယ်ဘရော့ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းအသင်းတွေ တောင်ပံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အင်္ဂလန်ကစားသမား စတီးဝပ်ဒေါင်းနင်းဟာ အသက်(၃၇)နှစ်အရွှယ်မှာပဲ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက သူတို့အနေနဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်လျက်ရှိနေရာ အပြီးမသတ်နိုင်သေးပေမယ့်လည်း စာချုပ်ကိစ္စကတော့ အခြေအနေကောင်းတစ်ခုကို ရောက်ရှိနေကြောင်းနဲ့ မက်ဆီကိုယ်တိုင်ကလည်း အသင်းမှာသာ ဆက်လက်ရှိနေချင်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အီတလီလက်ရွေးစင်အသင်းနဲ့အတူ ယူရိုချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဝါရင့်နောက်ခံကစားသမားကြီး ချီလီနီဟာ ဂျုဗင်တပ်စ်အသင်းနဲ့အတူ ၂၀၂၃ခုနှစ်အထိ သက်တမ်းရှိမယ့် (၂)နှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး လာမယ့်ရာသီအတွင်း ဂျုဗင်တပ်စ်ရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွှက်သွားမှာ ဖြစ်ပါတယ်။