MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၃၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

နာပိုလီအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ အယ်လန်ကို ခေါ်ယူသွားဖို့ အဲဗာတန်အသင်းနဲ့ နာပိုလီတို့ကြားမှာ သဘောတူညီမှု ရယူသွားနိုင်ခဲ့ပြီး အဲဗာတန်ဘက်က အယ်လန်အတွက် ပြောင်းရွှေ့ကြေးကို ယူရို(၂၅)သန်းလောက် ပေးချေရမှာဖြစ်ပြီး ဆက်လက်ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုပါ ဆက်လက်ခေါ်ယူသွားနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တန်းပြန်တတ်လာခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ ဘင်ဖီကာအသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမားလေး ဖလော်ရန်တီနိုလူးဝစ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ဘင်ဖီကာဘက်ကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့ပါတယ်။

မနေ့ညက ကျင်းပခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အတွင်း အေဂျက်စ်အသင်းရဲ့လူစာရင်းအတွင်းမှာ အသင်းရဲ့ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘိတ်ခ် ပါဝင်လာခြင်းမရှိလို့ သူရဲ့အနာဂတ်က ပိုမိုလှုပ်ခတ်လာခဲ့ကာ လက်ရှိမှာလည်း ဗန်ဒီဘိတ်ခ်ကို အလိုရှိနေတဲ့အသင်းထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းတစ်သင်းသာ ကျန်ရှိနေတော့တယ်လို့ သိရှိရပါတယ်။

ဖရိုင်းဘတ်အသင်းရဲ့ အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်နောက်ခံကစားသမား ရော်ဘင်ခေါ့ချ်ဟာ သူရဲ့အသင်းနဲ့ အသင်းပရိသတ်တွေအားလုံးကို နှုတ်ဆက်စကားပြောဆိုခဲ့ပြီး အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်းကို အသိပေးခဲ့တာကြောင့် သူနဲ့ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ လိဒ်စ်ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာဖို့က ပိုမိုနီးစပ်သွားခဲ့ရပါတယ်။

အာဆင်နယ်အသင်းအတွက် အက်အေဖလားရော ကွန်မြူနတီဒိုင်းပါ အရယူဆောင်ပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းက သူရဲ့စာချုပ်သစ်ကိစ္စကို အသင်းနဲ့အတူ ဆက်လက်လုပ်ဆောင်လျက်ရှိနေပြီး အခုအချိန်က အာဆင်နယ်ကစားသမားတစ်ယောက် ဖြစ်နေရတဲ့အပေါ် အရမ်းကို ဂုဏ်ယူရဆုံးအချိန်ဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။