MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၂၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ပထမဦးဆုံး ရာသီကြိုခြေစမ်းပွဲအဖြစ် မနေ့ညကပဲ လိဂ်ဝမ်းကလပ် အမ်ကေဒွန်းအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရာ အယ်လ်နီနီ အန်ခီတီယက် အူဘာမီယန်း မက်ဂင်းနစ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၄ဂိုး၁ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဂရိနိုင်ငံမှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်း​ခေါင်းဆောင် ​နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကို ဆိုင်းငံထောင်ဒဏ် ၂၁လ သတ်မှတ်ခဲ့တဲ့အပြင် ဒီအမိန့်နဲ့ မရှေးမနှောင်းမှာပဲ အဂ်လန်နည်းပြ ဆောက်ဂိတ်ကပါ လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ မက်ဂွိုင်းယားကို ထုတ်ပယ်သွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း မှာ အသင်းအတွက် အကောင်းဆုံးကစားပြနိုင်ခဲ့တဲ့ ကစားသမားအဖြစ် ခရိုအေးရှားကွင်းလယ်လူ မက်တီအိုကိုဗာဆစ်ကို ရွေးချယ်ခဲ့ပြီး အသင်းရဲ့အကောင်ဆုံးလူငယ်ကစားသမားအဖြစ်တော့ ဂေးလ်မောကို ရွေးချယ်သွားခဲ့ပါတယ်။

အေဂျက်စ်အသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူ မက်စ်အိုဗားမားက သူတို့အသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ကို အသင်းဆီ ပြန်လည်ခေါ်ယူနိုင်ဖို့က အခွင့်အရေး အလွန်နည်းပါးလို့နေပြီး သူတို့ဘက်ကနေ ဆွာရက်ဇ်ကို အသင်းဟောင်းဆီ ပြန်လည်ရောက်လာဖို့ ကြိုးပမ်းနေပေမယ့်လည်း ရောက်လာဖို့ကတော့ ခက်ခဲနိုင်တယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး ရာအူးဂွန်ဇာလက်စ်ဟာ သူရဲ့ကစားသမားဘဝမှာတုန်းက ရီးရဲလ်နဲ့ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သလို နည်းပြဘဝကို စတင်ဝင်ရောက်ချိန်မှာလည်း ရီးရဲလ်ယူ-၁၉အသင်းအတွက် UEFA Youth League ဖလားကို အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးသွားခဲ့ပါတယ်။