MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၂၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက သူရဲ့အစီအစဉ်တွေထဲမှာ တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ် ပါဝင်ခြင်းမရှိဘူးလို့ ထုတ်ဖော်ပြောဆိုုလိုက်ပြီး ဆွာရက်ဇ်နဲ့ အသင်းနဲ့ကြားက စာချုပ်သက်တမ်းကိုပါ တစ်ခါတည်း ဖျက်သိမ်းသွားဖို့ ရှိနေတယ်လို့ ကတ်တလန်ဒေသအခြေစိုက် RAC1 ရေဒီယိုကနေ ထုတ်ပြန်ဖော်ပြလာခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်နေရတဲ့ သူတို့ရဲ့ လူငယ်တိုက်စစ်ကစားသမားလေး မွိုက်စ်ကင်းကို အီတလီစီးရီးအေကလပ် တစ်သင်းသင်းဆီကို ပြန်လည်အငှားချသွားချင်နေပြီး ကင်းရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းကလည်း ကင်းကို တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ Tuttosport ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဆောင်းရာသီစျေးကွက်အတွင်းကမှ အငှားစာချုပ်တွေနဲ့ ခေါ်ယူထားခဲ့တဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ စီဒရစ်ဆွာရက်စ်နဲ့ ပါဘလိုမာရီတို့နှစ်ဦးလုံးကိုလည်း နောက်တစ်ရာသီအစား အငှားစာချုပ်နဲ့ ထပ်မံခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အာဆင်နယ်အသင်းရဲ့တရားဝင်တွစ်တာစာမျက်နှာပေါ်ကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကနေ စိတ်ဝင်စားလို့နေတဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်ကို လက်စတာအသင်းကနေ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ သိရှိရပြီး လက်စတာနဲ့ အခုလို စာချုပ်သက်တမ်းတိုးနိုင်ခြင်းအပေါ် မက်ဒီဆန်မှာလည်း အလွန်ဝမ်းမြောက်လို့နေပါတယ်။

နာမည်ကျော် ဘောလုံးသတင်းထောက်ဖြစ်သူ ဖာဘရီဇီယိုမာရီနိုရဲ့ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်းတစ်ရာနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး သီယာဂိုဆေးဗားကိုလည်း (၂)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရှိရပါတယ်။