MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၂၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လက်ရှိမှာ အသင်းလက်မဲ့ဖြစ်လို့နေတဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပေမယ့် လုပ်ခလစာမြင့်မားနေမှုကြောင့် ခေါ်ယူနိုင်ခြင်းမရှိတော့တာကြောင့် အခြားသောအသင်းတွေနဲ့ ဆက်လက်ဆွေးနွေးရဖွယ်ရှိပြီး လိဒ်စ်ယူနိုက်တက်ကလည်း ကာဗာနီကို ပစ်မှတ်ထားလို့နေပါတယ်။

ရီးရဲလ်မက်ဒရစ် ယူ-၁၉အသင်းဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ UEFA Youth League 2020 ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်ဆာလ်ဇ်ဘာဂ့်အသင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့လို့ ဖိုင်နယ်ကို ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းသွားခဲ့ပြီဖြစ်ကာ ဖိုင်နယ်မှာတော့ ဘင်ဖီကာ ယူ-၁၉အသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

လိုင်ယွန်အမျိုးသမီး ဘောလုံးအသင်းကတော့ UEFA အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ် အမျိုးသမီးအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းခဲ့ပြီး အာဆင်နယ်အမျိုးသမီးအသင်းကို အနိုင်ယူလာခဲ့တဲ့ ပီအက်စ်ဂျီအမျိုးသမီးအသင်းနဲ့ ဆီမီးမှာ ဆုံတွေ့ရတော့မှာဖြစ်ပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူရဲ့ဘောလုံးသမားဘဝ အဆုံးသတ်ချိန်ကို ရောက်ရှိသွားခဲ့သည်တိုင် ဝင်ငွေတွေကောင်းနေစေဖို့အတွက် နောက်တိုးစီးပွားရေးတစ်ခုအနေနဲ့ သူကျင်လည်ခဲ့ဖူးတဲ့ မန်ချက်စတာမြို့အတွင်းမှာ ပေါင်(၂၇)သန်းလောက် ကုန်ကျဖွယ်ရှိတဲ့ (၁၁)ထပ်အမြင့်ရှိ Four Star အဆင့် ဟိုတယ်တစ်လုံးကို တည်ဆောက်သွားဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်အသင်းရဲ့လက်ထောက်နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖရက်ဒီယွန်းဘတ်ဟာ သူရဲ့ရာထူးကနေ တရားဝင်နှုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ အသင်းရဲ့ကစားသမားဟောင်းလည်းဖြစ်သလို အာတီတာမတိုင်ခင် အသင်းရဲ့ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးတဲ့ ယွန်းဘတ်ဟာ နည်းပြချုပ်တာဝန်ကို စတင်ထမ်းဆောင်နိုင်ဖို့အတွက် အခုလို အာတီတာရဲ့လက်ထောက်နည်းပြရာထူးကနေ စွန့်ခွာခဲ့တာလည်းဖြစ်ပါတယ်။