MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၂၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အတ္တလန်တာအသင်းဟာ နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ကိုလံဘီယာလက်ရွေးစင် တိုက်စစ်ကစားသမား ဒူဆန်ဇာပါတာကို အခြားကလပ်အသင်းတစ်သင်းဆီ ရောင်းချဖြစ်ခဲ့မယ်ဆိုရင် သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာသွားတော့မယ့် ဘယ်ဂျီယံတိုက်စစ်ကစားသမား ဘတ်ရှအာယီကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။

ဒီရက်ပိုင်းလေးမှာပဲ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့်ဘရာဇီးနောက်ခံကစားသမားကြီး သီယာဂိုဆေးဗားဟာ အခုလက်ရှိမှာတော့ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဆေးဗားကို ဖီအိုရင်တီးနားကနေ တစ်ပတ်လုပ်ခ ပေါင်(၇၀၀၀၀)ပေးချေသွားမယ်လို့ သိရှိရပါတယ်။

အသင်းရဲ့တိုက်စစ်မှာ အထောင်တိုက်စစ်ကစားသမားဆိုလို့ ဟယ်ရီကိန်းတစ်ဦးတည်းသာရှိနေတဲ့ စပါးအသင်းဟာ ပြိုင်ဘက်လီဗာပူးလ်အသင်းရဲ့လူငယ်တိုက်စစ်ကစားသမား ရာဟင်ဘရူစတားကို တစ်ရာသီအငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပါတယ်။ ဘရူစတားဟာ မနှစ်က ဘောလုံးရာသီမှာလည်း ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းမှာ အငှားနဲ့ဝင်ရောက်ကစားခဲ့ပါသေးတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းကြီး အင်ဒီကိုးက အသင်းအနေနဲ့ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူလိုက်မယ်ဆိုရင် အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမားလေး မေဆန်ဂရင်းဝုဒ်ရဲ့ပွဲထွက်ခွင့်တွေကို ဟန့်တားလိုက်သလို ဖြစ်လာနိုင်ပြီး ကစားသမားရဲ့တိုးတတ်မှုကိုပါ ထိခိုက်သွားစေနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီရဲ့သူရဲ့အပန်းဖြေအားလပ်ရက်ကို လျှော့ချလိုက်ပြီး အသင်းဆီ ပြန်ရောက်လာတော့မှာဖြစ်ကာ အသင်းရဲ့နည်းပြသစ်ရော်နယ်ကိုးမန်းနဲ့လည်း အသင်းရဲ့စီမံကိန်းအကြောင်းတွေကို တွေ့ဆုံသွားဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။