MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ည(၈)နာရီခွဲအချိန်မှာ ဂျာမန်ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ နာမည်ကြီး ပြင်သစ်လီဂူးကလပ် မာဆေးလ်အသင်းတို့ ဂျာမနီနိုင်ငံ မြူးနစ်မှာရှိတဲ့ ဘိုင်ယန်အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ခြေစမ်းပွဲကစားခဲ့ကြရာ တောင်ပံကစားသမားနာဘရီရဲ့သွင်းဂိုးတစ်ဂိုးတည်းနဲ့ ဘိုင်ယန်အနိုင်ရသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမားဗာရန်းက သူတို့အသင်းအနေနဲ့ ပြိုင်ပွဲကြီး အတွေ့အကြုံကောင်းတွေ ကြွယ်ဝနေမှုကြောင့် ကစားသမားတွေအနေနဲ့ အခုအချိန်မှာ ကောင်းမွန်စွာ အနားယူပြီး အားမွေးလို့ရနိုင်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့်(၈)ရက်နေ့ မန်စီးတီးအသင်း ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲကို ဆင်နွဲရမှာဖြစ်ပါတယ်။

အာဆင်နယ် ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ လိုက်ပ်ဇစ်နောက်ခံကစားသမား ဒေးယော့ခ်အူပါမယ်ကာနိုကို လိုက်ပ်ဇစ်အသင်းဘက်ကနေ လာမယ့် ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီဖြစ်ပြီး သူတို့ကစားသမားနဲ့ ထွက်ပေါ်နေသမျှ အပြောင်းအရွှေ့ကောလဟာလသတင်းတွေကို ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့နည်းပြဖရန့်လမ်းပတ်က ဒီနေ့ညမှာ ကျင်းပသွားမယ့် အက်အေဖလားဗိုလ်လုပွဲက သူတို့ချယ်လ်ဆီးအတွက်သာမက သူ့အတွက်လည်း အရေးပါလို့နေပြီး တကယ်လို့ အက်အေဖလားကို အရယူနိုင်ခဲ့မယ်ဆိုရင် သူ့အတွက် နည်းပြဘဝ ပထမဆုံးဖလားတစ်လုံး ဖြစ်လာမယ့်အပြင် ဒီဆုဖလားကြောင့် ချယ်လ်ဆီးအသင်းကို နှစ်ပေါင်းများစွာ ကိုင်တွယ်ခွင့်ပါ ရလာနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နာပိုလီအသင်းဆီကို လိုင်လီကနေ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား ဗစ်တာအိုဆီမန်ရဲ့ပြောင်းရွှေ့ကြေးဟာ လိုင်လီကနေပဲ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာတဲ့ နီကိုလပ်စ်ပေပေရဲ့ ပြောင်းရွှေ့ကြေးထက်ကို များပြားနေခဲ့တာကြောင့် အာဖရိက ဘောလုံးသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံးသူအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။