MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

 

ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီမှာ အသင်းကို ကိုင်တွယ်သွားဖို့အတွက် စပါးအသင်းနဲ့ ဘာစီလိုနာရဲ့ကတ်တလန်မြို့ခံ အက်စပန်ညိုအသင်းဟောင်း ပိုချက်တီနိုအပြင် အသင်းရဲ့တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီကိုပါ နည်းပြသစ်ရာထူးအတွက် ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။

နယူးကာဆဲလ်အသင်းဟာ ရိုးမားအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားအပြီး မန်ချက်စတာယူနိုက်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ နောက်ခံကစားသမား ခရစ်စမောလင်းကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေသလို ရိုးမားကလည်း စမောလင်းကို ထပ်မံကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ်ရှိနေပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းဟာ နှစ်ရာသီအငှားစာချုပ်ပြည့်သွားခဲ့လို့ မူရင်းကလပ်အသင်း မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြန်ရောက်သွားခဲ့ပြီဖြစ်တဲ့ ဂိုးသမားဒင်းဟန်ဒါဆန်နေရာမှာ အစားထိုးဖို့အတွက် ဘုန်းမောက်ဂိုးသမား ရမ်းစ်ဒဲလ်ကို ပေါင်(၁၈.၅)သန်း ကမ်းလှမ်းခဲ့ရာ သဘောတူညီမှု ရရှိခဲ့ပါတယ်။

 

ရီးရဲလ်မက်ဒရစ်ကနေ ဆီဗီလာအသင်းဆီမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားလို့နေတဲ့ စပိန်နောက်ခံအစွန်လူ ရယ်ဂီလွန်ကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီး အာဆင်နယ် လာဇီယိုနဲ့ နာပိုလီအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး နာပိုလီအသင်းက ပေါင်(၂၃)သန်းနဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ်မှာ ဆက်လက်ကျန်ရစ်နေခဲ့ရတဲ့ အက်စတွန်ဗီလာအသင်းဟာ လာမယ့်ဘောလုံးရာသီ အသင်းရဲ့လူအင်အားကို တိုးမြှင့်သွားဖို့အတွက် လက်ရှိမှာ အနာဂတ်မရေမရာ ဖြစ်နေရတဲ့ လီဗာပူးလ်အသင်းရဲ့ဘယ်ဂျီယံတိုက်စစ်မှူး အော်ရီဂီကို ခေါ်ယူသွားချင်နေပြီး ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရရင်တော့ လီဗာပူးလ်ဘက်ကနေ အော်ရီဂီကို ရောင်းထုတ်သွားနိုင်ပါတယ်။