MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ကစားသွားခဲ့တဲ့ လာလီဂါပလေးအော့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအတွင်းမှာ အယ်ချီနဲ့ဇာရာဂိုဇာအသင်းတို့က ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီး ဟီရိုနာနဲ့ အယ်မေးနီးယားအသင်းတို့ပွဲမှာ အိမ်ရှင်ဟီရိုနာက တစ်ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က သူရဲ့အသင်းဖော် လူငယ်တိုက်စစ်မှူးလေး မေဆန်ဂရင်းဝုဒ်အနေနဲ့ ဒီနှစ်ရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို လာမယ့်ဘောလုံးရာသီမှာလည်း ဂရင်းဝုဒ်က ပိုပြီးကြောက်စရာကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့တဲ့ နေမာလက်သစ် ဘရာဇီးလူငယ်တိုက်စစ်မှူးလေး တဲလက်စ်မက်ဂနိုကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်ခဲ့ပေမယ့်လည်း လီဗာပူးလ်ဘက်ကနေ ဒီအပြောင်းအရွှေ့ကို ရှေ့ဆက်မတိုးတော့ပဲ ပယ်ချလိုက်ပြီလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ်တုန်းက လက်ရှိပီအက်စ်ဂျီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြသောမတ်တူချယ်ရဲ့ကလပ်အသင်းဖြစ်တဲ့ အော့ဘတ်အသင်းမှာ တချိန် လိုက်ပ်ဇစ်နည်းပြဖြစ်လာမယ့် နီဂယ်လ်စ်မန်းက ကစားသမားအဖြစ် ပါဝင်ကစားခဲ့ဖူးပြီး အခု ဒီဆရာတပည့်နှစ်ယောက်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

မနေ့က ထွက်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့ကောလဟာလတွေနဲ့ပတ်သက်ပြီး ရော်နယ်ဒိုနဲ့ နီးစပ်သူများက ရော်နယ်ဒိုအနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့မှာမဟုတ်သလို ဂျုဗင်တပ်စ်အသင်းဘက်ကနေလည်း သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားကို ဘယ်အသင်းမှ ရောင်းချမှာမဟုတ်ကြောင်းနဲ့ ရော်နယ်ဒိုလည်း ဂျုဗင်တပ်စ်မှာပဲ ဆက်ရှိနေမှာဖြစ်ကြောင်း ဖြေရှင်းသွားခဲ့ပါတယ်။