MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဧပြီလ ၂၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီတိုက်စစ်ကစားသမား တီမိုဝါနာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ လိုက်ပ်ဇစ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၅၃)သန်းနဲ့ အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးထားနိုင်ပေမယ့် ဒီရာသီအတွင်း သူလွဲချော်ခဲ့တဲ့ ဂိုးရနိုင်လောက်သော Big Chances အကြိမ်ပေါင်းက (၂၃)ကြိမ်အထိတောင် ရှိနေခဲ့ပါတယ်။

လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲချင်နေတဲ့ မီလန်ဂိုးသမား ဒွန်နာရမ်မာဟာ အသင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် စာချုပ်ကိစ္စ ဆွေးနွေးမှုတွေကို ရပ်တန့်ထားလိုက်ပြီဖြစ်ပြီး တကယ်လို့များ အေစီမီလန်အသင်းက ရာသီအကုန်မှာ Top 4 အတွင်းမဝင်ခဲ့ဘူးဆိုရင်တော့ အသင်းနဲ့ လမ်းခွဲဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောက ဒီနှစ်ဘောလုံးရာသီဟာ သူရဲ့ကစားသမားဘဝ သက်တမ်းတလျှောက် အကောင်းဆုံးရာသီတစ်ခုဖြစ်ပြီး ယူနိုက်တက်အသင်းကိုလည်း ဒီရာသီမှာ ဆုဖလားတစ်ခုရအောင် ကူညီပေးသွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီ နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါက ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူရဲ့အသင်းဟောင်းဖြစ်ခဲ့ဖူးတဲ့ ရိုးမားက အနိုင်ယူပြီး ဗိုလ်လုပွဲအထိ တတ်လှမ်းသွားနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောဆိုသွားခဲ့ပါတယ်။

SportMediaset ရဲ့ ဖော်ပြချက်များအရ ဒီနှစ်ဘောလုံးရာသီမှာ စီးရီးအေချန်ပီယံဆုနဲ့ ကင်းကွာသွားရတော့မယ့် ဂျုဗင်တပ်စ်အသင်းဟာ ပီယာလိုကို နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင်လည်း သူရဲ့နေရာမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြဟောင်း အယ်လီဂရီကိုသာ ပြန်လည်ခန့်အပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။