အက်စတွန် ဗီလာ တိုက်စစ်ကစားသမား မော်ဂန် ရော်ဂျာစ်က သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ သူတို့ရဲ့ အိပ်မက်တွေကို ဆက်လက်ရှင်သန်စေဖို့အတွက် ဗီလာပါ့ခ်မှာ ကစားရမယ့် ဒုကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို အပြင်းအထန် တိုက်စစ်ဆင်သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဗီလာတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲမှာ ရော်ဂျာစ်က ဗီလာကို ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပေမယ့် ဒိုရေးနဲ့ ခွာရက်စခီလီယာတို့ရဲ့ တစ်ဂိုးစီ သွင်းယူမှုတွေကြောင့် ပီအက်စ်ဂျီက ပွဲကို ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီးမှာ မန်ဒက်စ်ရဲ့ နောက်ထပ်ဂိုး သွင်းယူခဲ့တဲ့ဂိုးကြောင့် ပီအက်စ်ဂျီက ဆီမီးဖိုင်နယ်ဆီ တက်ရောက်ဖို့ ရေပန်းစားသွားခဲ့ပါတယ်။
Photo Credit : Daily Mail
ဒါပေမယ့် ဗီလာပါ့ခ်မှာ ကစားမယ့် ဒုတိယအကျော့ မတိုင်ခင်မှာ ရော်ဂျာစ်က သူတို့အသင်းအနေနဲ့ အခြေအနေကို ပြန်လှန်နိုင်တဲ့ အရည်အသွေးရှိတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဒီရာသီမှာ (၁၃)ဂိုးအထိ သွင်းယူထားတဲ့ ရော်ဂျာစ်က “အဝတ်လဲခန်းထဲမှာ ယုံကြည်မှုတွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။
“ကျွန်တော်တို့မှာ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး။ ဘယ်သူမှ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရမယ်လို့ မထင်ထားပါဘူး။ ဒါဆို ဘာလို့ အပြင်းအထန် မတိုက်စစ်ဆင်ရမှာလဲ။ ကျွန်တော်တို့မှာ အခြေအနေကို ပြန်လှန်နိုင်တဲ့ အရည်အသွေး အမှန်တကယ်ရှိပါတယ်။ ဒါ မပြီးသေးပါဘူး။ ကျွန်တော်တို့ ဒီကို ရောက်လာတာ အကြောင်းရှိလို့ပါ။ ယှဉ်ပြိုင်ဖို့သက်သက် ရောက်လာတာ မဟုတ်ပါဘူး။”
Photo Credit : Metro
“ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ချင်ပြီး ပုံမှန်အားဖြင့် ကမ္ဘာပေါ်က ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေး ကျွန်တော်တို့မှာ ရှိပါတယ်။ ရလဒ်က ကျွန်တော်တို့ဘက်မှာ မရှိဘူးဆိုတာ မှန်ပေမယ့် နောက်ထပ်ပွဲတစ်ပွဲ ကျန်ပါသေးတယ်။ အဲဒါကို ပြန်လှန်နိုင်ဖို့ ကြိုးစားသွားပါမယ်။ဒါခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာလည်း သိပါတယ်။ ကျွန်တော်တို့ ဒီကို လာပြီး ပွဲကြည့်ပရိသတ်အနေနဲ့ပဲ မနေချင်ပါဘူး။”
“ခက်ခဲပါတယ်။ သူတို့က တကယ်ကောင်းတဲ့အသင်းဖြစ်ပြီး နေရာတိုင်းမှာ ကြယ်ပွင့်တွေ ရှိပါတယ်။ အများကြီး ခံစစ်ကစားပြီး တိုက်ခိုက်နေရရင် ခက်ခဲပါတယ်။ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့ရဲ့ အရည်အသွေးနဲ့ ကျွန်တော်တို့ဘက်က အမှားအချို့ကြောင့် ဖြစ်သွားတာပါ။” လို့ ရော်ဂျာစ်က ပြောပါတယ်။