ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမား ကိုးလ် ပါမာရဲ့ ဂိုးသွင်းပြီးတိုင်း အောင်ပွဲခံတတ်တဲ့ အောင်ပွဲခံမှု ပုံစံဟာ သူရဲ့ goal celebration ကို ခိုးယူထားခဲ့တာ ဖြစ်တယ်လို့ အက်စတွန် ဗီလာ တိုက်စစ်ကစားသမား မော်ဂန် ရော်ဂျာစ်က ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
မန်စီးတီး အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူ ပါလ်မာဟာ ပြီးခဲ့တဲ့ ၂၀၂၃ နွေမှာ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့ပြီး ပွဲဦးထွက်ရာသီမှာရော လက်ရှိရာသီမှာပါ စွမ်းဆောင်မှုကောင်းတွေ ပြသထားလျက် ရှိနေသလို ဂိုးတွေ သွင်းယူပြီးတိုင်းမှာလည်း ဆောင်းရာသီမှာ ချမ်းလွန်းနေတဲ့ ပုံစံမျိုးနဲ့ အောင်ပွဲခံတဲ့ ပုံစံကလည်း အတော်လေးကို ကျော်ကြားခဲ့ပါတယ်။
Photo Credit : Chelsea Football Club
ဒီလို celebration မျိုးကို ဘောလုံးသမားတချို့ကလည်း လိုက်လံတုပ ပြုလုပ်တက်ကြသလို ဒီထဲမှာ ဗီလာ တိုက်စစ်ကစားသမား ရော်ဂျာစ်လည်း ပါလ်မာရဲ့ အောင်ပွဲခံမှုကို တုပနေတယ်လို့ ပြောဆိုလာပါတယ်။ ရော်ဂျာစ်က အစ်ဝစ်ချ် 2-2 ဗီလာနဲ့ပွဲမှာ ဗီလာအတွက် ချေပဂိုး သွင်းယူပြီးချိန်မှာပါ ပါလ်မာရဲ့ အောင်ပွဲခံတဲ့ ပုံစံအတိုင်း အောင်ပွဲခံခဲ့လို့ ပါလ်မာဆီကနေ ခိုးချတယ်လို့ ခေါင်းစဉ်တပ်ခံနေရပါတယ်။
တကယ်တော့ ပါလ်မာနဲ့ ရော်ဂျာစ်တို့ဟာ မန်ချက်စတာ စီးတီး အကယ်ဒမီမှာ အတူတူ ဖြတ်သန်းခဲ့ဖူးတာဖြစ်ပြီး ပါလ်မာက စီးတီး စီနီယာအသင်းအတွက် ကစားခွင့် ရခဲ့ပေမယ့် ရော်ဂျာစ်ကတော့ စီးတီး လူငယ်အသင်းမှာသာ ကစားခဲ့ဖူးပြီး ၂၀၂၃ အရောက်မှာတော့ ပါလ်မာက ချယ်လ်ဆီးဆီ ပြောင်းသွားခဲ့သလို ရော်ဂျာစ်ကလည်း မစ်ဒယ်ဘရော့ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။
Photo Credit : Sky Sports
ရော်ဂျာစ်ဟာ မစ်ဒယ်ဘရော့မှာ ကစားနေစဉ်ကတည်းက သူ့အသင်းဟောင်း ဝက်စ်ဘရွန်းအသင်းကို အနိုင်ဂိုး သွင်းယူမိစဉ်မှာပဲ အခု ပါလ်မာ အောင်ပွဲခံတဲ့ ပုံစံကို စတင် အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ၂၀၂၃ ဒီဇင်ဘာ (၂၃)ရက်နေ့မှာဖြစ်ပြီး တစ်ပတ်ခန့်လောက်အကြာမှသာ ပါလ်မာက ချယ်လ်ဆီးနဲ့လူတန် ပွဲစဉ်အတွင်း ချယ်လ်ဆီးအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပြီးနောက် ရော်ဂျာစ်ရဲ့ အောင်ပွဲခံမှုမျိုးနဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။
ဒါ့အပြင် အစ်ဝစ်ချ်နဲ့ ဗီလာပွဲစဉ်အပြီးမှာလည်း ဗီလာ တိုက်စစ်မှူး ရော်ဂျာစ်က “သူ(ပါလ်မာ)က ကျွန်တော်ရဲ့ အောင်ပွဲခံမှု ပုံစံကို သေချာပေါက် တုပထားတာပါ။ ဒါက ကျွန်တော်ရဲ့ ကိုယ်ပိုင် ဂိုးအောင်ပွဲခံမှု ပုံစံပါ။ အချိန်ကာလ အတိအကျကို လေ့လာကြည့်မိလိုက်မယ်ဆိုရင် ကျွန်တော် ပထမဆုံး စတင်လုပ်ဆောင်ခဲ့တယ်ဆိုတာ သိရပါလိမ့်မယ်။” ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။