နာမည်ကြီး အားကစားသတင်း တင်ဆက်သူ တဦး ဖြစ်သလို ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သူ ပီယားစ် မော်ဂန်ကတော့ ယခုလ အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၂ အာဆင်နယ် ပွဲစဉ်မတိုင်မီ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုထံ အာဆင်နယ်အသင်းနဲ့ တွေ့ရင် ဂိုးမသွင်းဖို့ တောင်းပန်ခဲ့ဖူးကြောင်း ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ဘောလုံးလောကမှာ ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်သူ ပီယားစ် မော်ဂန်ဟာ အာဆင်နယ်အသင်းကို ငယ်စဉ်ကတည်းက အားပေးခဲ့သူ ဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ပတ်သတ်ရင် ဆတ်ဆတ်ထိ မခံတဲ့ အမာခံ ပရိသတ်အဖြစ်လည်း နာမည်ကြီးသူပါ။

Photo Credit: The Sun

ဒါကြောင့်လည်း ပီယားစ် မော်ဂန်က မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မတိုင်မီ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုထံ အာဆင်နယ်အသင်းနဲ့ တွေ့ရင် ဂိုးမသွင်းဖို့ စာပို့ပြီး တောင်းပန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ တွေ့ဆုံတဲ့အခါမှာတော့ ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုး သွင်းယူခဲ့ပြီး သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်ကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။

Photo Credit: The Sun

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ရိုနယ်ဒိုက အာဆင်နယ်အသင်းဘက်ကို ဂိုးသွင်းခဲ့တဲ့ အတွက် တောင်းပန်ကြောင်း ပီယားစ် မော်ဂန်ဆီ ပြန်စာ ပေးပို့ခဲ့ပြီး ပီယားစ် မော်ဂန်ကတော့ သူနဲ့ ရိုနယ်ဒိုတို့ကြားက အဖြစ်အပျက်ကို အခုလိုပဲ ပြောပြလာပါတယ်။

ပီယားစ် မော်ဂန်က – “အာဆင်နယ်နဲ့ မန်ယူအသင်းတို့ တွေ့ကြတော့မယ့် အချိန်မှာပဲ ကျွန်တော်က ရိုနယ်ဒိုဆီ “ကျေးဇူးပြုပြီး ငါတို့အသင်းဘက်ကို ဂိုးမသွင်းပါနဲ့ကွာ” လို့ တောင်းပန်စာ ပို့ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက အဲ့ဒီပွဲမှာ ၂ဂိုး သွင်းခဲ့သလို မန်ယူအသင်းကလည်း ပွဲကို အနိုင်ရသွားပါတယ်။ ပွဲလည်းပြီးရော ရိုနယ်ဒိုက ကျွန်တော့်ဆီကို “တောင်းပန်ပါတယ်ကွာ” ဆိုပြီး စာပြန်ပို့ခဲ့ပါတယ်” လို့ ဖွင့်ဟ ပြောပြသွားခဲ့တာပါ။