စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဂျာရတ် မော်ရီနိုကတော့ စူပါဖလားပွဲစဉ်မှာ သူတို့အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ စူပါဖလားပွဲစဉ်ဟာ ပွဲကစားချိန် အတွင်းမှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ ချယ်လ်ဆီးအသင်းဘက်က ကိုင်ဟားဗက် တဦးထဲသာ လွဲချော်ခဲ့ပြီး ဗီလာရီးရဲလ်အသင်းဘက်က မန်ဒီနဲ့ အယ်ဘီယိုတို့ လွဲချော်ခဲ့ကြပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ ချယ်လ်ဆီးအသင်း အတွက် တောင်ပံ ကစားသမား ဇီရက်ဇ်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဗီလာရီးရဲလ်အသင်း အတွက် ချေပဂိုးကိုတော့ မော်ရီနိုက သွင်းယူပေးခဲ့တာပါ။

ပွဲအပြီးမှာတော့ မော်ရီနိုက သူတို့ဟာ အကောင်းဆုံး ကြိုးစား ကစားခဲ့တဲ့ အတွက် ရှုံးပွဲအပေါ် စိတ်မပျက်မိကြောင်းနဲ့ ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်း ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

Photo Credit: Standard

မော်ရီနိုက – “ကျွန်တော်တို့တွေ အကောင်းဆုံး ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းက ကျွန်တော်တို့ထက် ပိုပြီး ရေပန်းစားခဲ့ပါတယ်။ အသုံးစရိတ်တွေအကြောင်းကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ချယ်လ်ဆီးအသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းပါ” လို့ ပြောကြား သွားခဲ့တာပါ။