လာမယ့် Super Sunday မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲကြီးပွဲကောင်း ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်း နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ အန်ဖီးလ်ကွင်းကြီးမှာ အကြိတ်အနယ် ယှဉ်ပြိုင်သွားကြတော့မှာပဲ ဖြစ်ပါတယ်။

ဒီပွဲစဉ်က နှစ်သင်းလုံးအတွက် အရေးကြီးလို့နေပြီး မနှစ်က အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက်က အိမ်ရှင် လီဗာပူးလ်ကို (7-0)ဆိုတဲ့ ရလဒ်ဆိုးကြီးနဲ့ မရူမလှ ရှုံးနိမ့်ခဲ့ရလို့ ဒီရှုံးပွဲကို ဂလဲ့စားချေဖျက်ဖို့ပါ လိုအပ်နေပါတယ်။

Photo Credit : Medium

လက်ရှိ အနေအထားတွေအရ လီဗာပူးလ်အသင်းက form ကောင်းတစ်ခု ရရှိနေပေမယ့်လည်း ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ကနေ ထွက်ခွာထားရတဲ့အပြင် ရလဒ်တွေ ဆိုးရွှားနေပါတယ်။ ပိုဆိုးတာကတော့ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ အရေအတွက် အလွန် များပြားနေရတာပါပဲ။

ယူနိုက်တက်အသင်းမှာ လီဆန်ဒရို မာတီနက်ဇ် နဲ့ တိုင်လာ မာလာစီယာတို့လို နောက်ခံလူတွေက ရာသီအစပိုင်းလောက်ကတည်းက ဒဏ်ရာကြောင့် အနားယူနေရသလို ကက်စီမဲရိုး အဲရစ်ဆင် မေဆန်မောင့်တို့လို ကွင်းလယ်ကစားသမားတွေလည်း ဒဏ်ရာ အသီးသီး ရရှိနေကြပါတယ်။

Photo Credit : The Sun

ဒါ့အပြင် ဘိုင်ယန်နဲ့ပွဲမှာလည်း မက်ဂွိုင်းယား နဲ့ လုခ်ရှောတို့ ဒဏ်ရာတွေ ထပ်မံ ရရှိသွားတာက အသင်းအတွက် ထိုးနှက်ချက် ဖြစ်စေနိုင်ပြီး အဖျားဝေဒနာကြောင့် ဘိုင်ယန်ပွဲကို လွဲချော်ထားတဲ့ ရပ်ရှ်ဖို့ဒ် နဲ့ မာရှယ်ကရော လီဗာပူးလ်နဲ့ပွဲအမီ ပြန်ပါလာနိုင်ပါ့မလားဆိုတာ မသေချာ မရေရာ ဖြစ်နေရပါတယ်။

ဒီကစားသမားတွေအပြင် ဘုန်းမောက်နဲ့ပွဲမှာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၅)ကတ်မြောက် အဝါထိခဲ့တဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်လည်း ခုပွဲကို လွဲဦးမှာ ဖြစ်သလို ဆန်ချိုကိုလည်း တန်ဟက်ဂ်က ဆက်လက် ချန်လှပ်ဦးမှာ သေချာနေပါတယ်။