မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပိတ်သိမ်းသွားခဲ့ပြီဖြစ်တဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာ သူတို့အရမ်းကို အလိုရှိနေတဲ့ ကစားသမားဖြစ်တဲ့ ဘရူနိုဖာနန်ဒက်ဇ်ကို စပို့တင်းလစ္စဘွန်းအသင်းကနေ ခေါ်ယူနိုင်ခဲ့သလို အသင်းအတွက် လိုအပ်ချက်အရှိဆုံးနေရာဖြစ်နေတဲ့ တိုက်စစ်ပိုင်းအတွက်ကိုလည်း တရုတ်စူပါလိဂ်မှာ ရောက်ရှိလို့နေတဲ့ ဝက်ဖို့ဒ်တိုက်စစ်မှူးဟောင်း အီဂါလိုကိုလည်း ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ၆လတာ ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူအားဖြည့်နိုင်ခဲ့ရာ ဒီခေါ်ယူမှုတွေက ယူနိုက်တက်ပရိသတ်တွေကို စိတ်ကျေနပ်မှုဖြစ်စေမှာတော့ သေချာပါတယ်။

Photo Credit : Getty Images

နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုက တိုက်စစ်မှာ လူအင်အားအရမ်းနည်းနေပြီး ရှိတဲ့ကစားသမားနဲ့ ရှေ့ဆက်သွားဖို့ ခက်နေလို့သာ အရေးပေါ် ခံယူခဲ့ရတာဖြစ်ပြီး ဖာနန်ဒက်ဇ်ကတော့ ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းက ယူနိုက်တက်ကို ရောက်ရှိဖို့ အနီးစပ်ဖြစ်ခဲ့ပေမယ့်လည်း ပြောင်းရွှေ့ကြေးကြောင့် ကြန့်ကြာခဲ့ရတာဖြစ်ကာ အခုဆောင်းရာသီစျေးကွက် မပိတ်ခင်လေးမှာလည်း ယူနိုက်တက်အသင်းဆီကို ပေါင်၆၇.၈သန်းနဲဲ့ ရောက်ရှိလာခဲဲ့ရတာဖြစ်ပါတယ်။ ဖာနန်ဒက်ဇ်က ယူနိုက်တက်မှာ ပေါစခိုး အက်ရှ်လေယန်းတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်၁၈ကို ဆင်မြန်းသွားမှာလို့လည်း သိရပါတယ်။

Photo Credit : Getty Images

ကစားသမားသစ်လေး ဖာနန်ဒက်ဇ်နဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ရော်နယ်ဒိုက တကယ့်ကို ပြိုင်ဘက်ကင်း ကစားသမားပါ။ ဘရူနိုအနေနဲ့လည်း ယူနိုက်တက်မှာ သူရဲ့ဘောလုံးသမားဘဝ အကောင်းဆုံးအခိုက်အတန့် ရရှိလာစေဖို့ ကျွန်တော်မျှော်လင့်တယ်။ ဒါပေမယ့် အခုစစချင်းမှာပဲ သူ့ကို ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်နေတာတော့ သဘာဝမကျဘူး။ သူက ဂိုးတွေသွင်းယူတတ်သလို ကွင်းလယ်ကနေလည်း ဂိုးဖန်တီးမှုတွေများစွာ လုပ်ဆောင်တတ်တာဆိုတော့ ပေါလ်စခိုးနဲဲ့ ပိုဆင်တူပါတယ်။ အမိုက်စားတိုက်စစ်လမ်းကြောင်းတစ်ခုကို စတင်ပုံစံဖော်နိုင်တယ်။ နည်းပညာပိုင်းလည်း ကြွယ်ဝတယ်။ ပြီးတော့ Set-pieces တွေကနေလည်း အသင်းဖော်တွေအတွက် ဂိုးတွေဖန်တီးနိုင်တယ်။ စခိုးနဲ့ နောက်ထပ်တူတာကတော့ သူရဲ့ပေါက်ကွဲတဲ့ပုံစံနဲ့ ကစားအား ရှံးပွဲအရသာကို ကြိုက်နှစ်သက်မှုမရှိခြင်းတွေပါပဲ။ သူက အသင်းရဲ့လိုအပ်နေတဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးမယ့်သူပါ။ ဒီနှစ်အတွင်း ကျွန်တော်တို့အသင်းမှာ ပျောက်ဆုံးနေရတဲ့ အရေးပါဆုံး အခန်းကဏ္ဍာတစ်ခုကို သူယူဆောင်လာပါလိမ့်မယ်” လို့ အင်တာဗျူးအစီအစဉ်မှာ ပြောဆိုလို့သွားခဲဲ့ပါတယ်။