ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ် သဘောကျ နှစ်သက်ရတဲ့ ဘောလုံးသမားတစ်ဦးဖြစ်တဲ့ စပိန်တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာဟာ အခု ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ်တစ်ယောက် ဖြစ်လာဖို့က (၉၅)%လောက်အထိကို သေချာနေပြီလို့ စပိန်နိုင်ငံ အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။
Photo Credit : AS English
အသက်(၂၉)နှစ်အရွယ် စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား မိုရာတာဟာ အသက်လက်တီကိုအသင်းရဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ဂျုဗင်တပ်စ်အသင်းမှာ အငှားနဲ့ ပါဝင်ကစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်ဘက်က မိုရာတာကို အပြီးသတ် ခေါ်ယူသွားဖို့ အစီအစဉ် မရှိတာကြောင့် ဘာစီလိုနာနည်းပြ ဇာဗီက သူသဘောကျရတဲ့ ကစားသမား မိုရာတာကို ခေါ်ယူနိုင်ဖို့ စတင်ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် AS လို နာမည်ကျော် စပိန်မီဒီယာတွေရဲ့ အဆိုအရ မိုရာတာဟာ ဒီတစ်ပတ်အတွင်းမှာပဲ ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ်တစ်ဦး ဖြစ်လာတော့မယ်လို့ပါ ဖော်ပြနေပြီး ဘာစီလိုနာရဲ့ ကိုပါဒယ်ရေး ပွဲစဉ်မှာတောင် ပါဝင်လာနိုင်တယ်လို့ သိရှိရပါတယ်။
Photo Credit : Football Italia
ဘာစီလိုနာအသင်းဟာ မိုရာတာကို ကနဦး (၁၈)လတာ အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားမှာဖြစ်ပြီး အငှားသက်တမ်း ပြည့်သွားချိန်မှာလည်း အပြီးသတ် ခေါ်ယူသွားဖွယ် ရှိနေတဲ့အတွက် အသက်လက်တီကိုဘက်ကလည်း ဒီကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အသက်လက်တီကိုနဲ့ ဂျုဗင်တပ်စ်အသင်းတို့ကြားမှာ မိုရာတာရဲ့ အငှားစာချုပ်က သက်တမ်းမပြည့်သေးသလို ဂျုဗင်တပ်စ်ဘက်ကနေလည်း အသင်းအတွက် တိုက်စစ်မှူးတစ်ယောက် မခေါ်ယူနိုင်သေးချင်း မိုရာတာကို အသင်းကနေ လက်လွတ်သွားမှာ မဟုတ်တာကြောင့် ဒီအပြောင်းအရွှေ့မှာ ဂျုဗင်တပ်စ်ရဲ့ ဆုံးဖြတ်ချက်က အခရာ ကျနေပါတယ်။ လတ်တလောမှာတော့ ဂျုဗင်တပ်စ်အသင်းဟာ စီးရီးအေ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ အီကာဒီကို စီးရီးအေပြိုင်ပွဲဆီကို ပြန်လည်ခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပီအက်စ်ဂျီမှာ ပွဲကစားနည်းပါးနေရတဲ့ အီကာဒီကလည်း အခုစျေးကွက်ထဲမှာ အသင်း အပြောင်းအလဲ လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ အင်တာတိုက်စစ်မှူးဟောင်း အီကာဒီကို အငှားနဲ့ ခေါ်ယူချင်နေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ အီကာဒီကို ခေါ်ယူနိုင်မှသာ မိုရာတာကို ဘာစီလိုနာအသင်းဆီ စေလွှတ်ဖွယ် ရှိနိုင်ပေမယ့် AS သတင်းစာဘက်ကတော့ လီနာရက်စ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကိုပါဒယ်ရေးပွဲစဉ်မှာပဲ မိုရာတာက သူရဲ့ ဘာစီလိုနာ ကစားသမားဘဝ ပွဲဦးထွက် ဖြစ်လာလိမ့်မယ်လို့ အတိအကျ ဖော်ပြလို့နေပါတယ်။