လက်ရှိမှာ ယှဉ်ပြိုင် ကစားနေတဲ့ ယူရို ၂၀၂၀ပြိုင်ပွဲဝင် စပိန်အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မိုရာတာကတော့ သူဟာ အုပ်စုတွင်း ပွဲစဉ်တပွဲ ဖြစ်တဲ့ ပိုလန်အသင်းနဲ့ စပိန်အသင်းတို့ ၁ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ရင်ဖွင့် လာပါတယ်။

အသက် ၂၈နှစ် အရွယ် စပိန် လက်ရွေးစင် တိုက်စစ်မှူး မိုရာတာဟာ ယခုနှစ် ယူရို၂၀၂၀ပြိုင်ပွဲဝင် စပိန်လက်ရွေးစင် အသင်းမှာ မရှိမဖြစ် တိုက်စစ်မှူးတဦး အဖြစ် နည်းပြဖြစ်သူ အင်းနရစ်ရဲ့ သတ်မှတ်ခြင်းကို ခံထားရသလို အသင်းအတွက် အုပ်စုပွဲစဉ် ၃ပွဲစလုံးမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရရှိခဲ့တဲ့ ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ဒါပေမယ့် မိုရာတာဟာ အုပ်စုပွဲစဉ် ၃ပွဲစလုံးမှာ သွင်းဂိုး ၁ဂိုးသာ သွင်းယူနိုင်ခဲ့သလို အသင်းရဲ့ အပိုင် ဂိုးသွင်းခွင့်တွေကိုလည်း မကြာခဏ ဆိုသလို ဖြုန်းတီးပစ်ခဲ့ကာ ပင်နယ်တီ ၁ကြိမ်လည်း လွဲချော်ခဲ့ပါတယ်။ ဒါကြောင့်ပဲ မိုရာတာဟာ စပိန်လက်ရွေးစင် အသင်းနဲ့ မထိုက်တန်ဘူးလို့ ဝေဖန်မှုတွေ မြင့်တက်နေပြီး စပိန် လက်ရွေးစင်အသင်းရဲ့ နည်းပြ အင်းနရစ်ကတော့ မိုရာတာကို ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားထားပါတယ်။

စပိန်အသင်းဟာ ၁၆သင်းအဆင့်မှာတော့ ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံနေရတဲ့ မိုရာတာနဲ့ စပိန်လက်ရွေးစင် အသင်းတို့ဟာ ဝေဖန်မှုတွေကို ချေဖျက်နိုင်ဖို့ အဆိုပါ ပွဲစဉ်ကို မဖြစ်မနေ အနိုင်ယူရမှာလည်း ဖြစ်ပါတယ်။ မိုရာတာကတော့ ပိုလန်အသင်းနဲ့ ပွဲစဉ်အပြီးမှာ သူ့ကို အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ မက်ဆေ့ချ်တွေ အများအပြား ရောက်လာခဲ့ပြီး အဆိုပါစာတွေကြောင့် အိပ်မပျော်တဲ့ အထိ စိတ်ပင်ပန်းခဲ့ရကြောင်း ဆိုလာပါတယ်။

Photo Credit: AS English

အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အကြောင်းကို မိုရာတာက – “ပိုလန်အသင်းနဲ့ ပွဲအပြီးမှာ ကျွန်တော် ၉နာရီလောက် အိပ်မပျော်ခဲ့ပါဘူး။ ကျွန်တော်က ခြိမ်းခြောက်တဲ့စာတွေ ၊ ကျွန်တော့်ရဲ့ မိသားစုကို ဆဲဆိုတဲ့စာတွေကို ရခဲ့ပါတယ်။ သူတို့က ကျွန်တော့်ရဲ့ ကလေးတွေကိုတောင် သေစေချင်ကြပါတယ်။ အခုတော့ ကျွန်တော် အဆင်ပြေနေပါပြီ။ လွန်ခဲ့တဲ့ ၂နှစ် ၊ ၃နှစ်လောက်က ဆိုရင်တော့ ကျွန်တော်က အတော်လေးကို ခံစားရမှာ အသေအချာပါပဲ။ ဒါပေမယ့် အခုတော့ ကျွန်တော်က အရာအားလုံးနဲ့ သီတင်းပတ် အနည်းငယ် ဝေးကွာအောင် နေနိုင်နေပါပြီ” လို့ ပြောကြား သွားခဲ့တာပါ။