ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမားဖြစ်သူ ကယ်ပါအရီဇာဘာလယ်ဂါအနေနဲ့ ပြီးခဲ့တဲ့ Weekend မှ စပါးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း အသင်းရဲ့ ပင်တိုင်ဂိုးသမား အက်ဒွါမန်ဒီကို ကျော်ဖြတ်ပြီး ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားခဲ့ရာ အသင်းအတွက် Clean Sheet နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် လာမယ့်ပွဲစဉ်တွေမှာ မန်ဒီနဲ့အပြိုင် အသင်းရဲ့ နံပါတ်တစ်နေရာအတွက် အပြိုင်အဆိုင် ဖြစ်လာနိုင်တယ်လို့ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Guardian

အသက်(၂၆)နှစ်အရွှယ်ရှိ စပိန်ဂိုးသမား ကယ်ပါဟာ ၂၀၁၈ခုနှစ်ကမှ လာလီဂါကလပ် ဘီလ်ဘာအိုအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ဂိုးသမားတစ်ဦးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်း(၈၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဂိုးဖမ်းပုံ မသေသပ်မှုတွေနဲ့ အမှားများမှုတွေကြောင့် အသင်းက ဂိုးသမားမန်ဒီကိုပါ ထပ်မံခေါ်ယူခဲ့ရသလို ကယ်ပါလည်း မန်ဒီရဲ့အရန်အဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။ ဒါပေမယ့် ကယ်ပါက ချယ်လ်ဆီးကနေ ထွက်ခွာသွားဖို့ မစဉ်းစားခဲ့ပဲ မန်ဒီနဲ့ အပြိုင်ဖြစ်နေဖို့ အပြင်းအထန် ကြိုးစားခဲ့ပြီး ပါဝင်ကစားခွင့်ရတဲ့ ပွဲစဉ်တိုင်းမှာ အခွင့်အရေးကို အသုံးချနိုင်ခဲ့တာကြောင့် မန်ဒီနဲ့ ကယ်ပါတို့ကြား နံပါတစ်နေရာအတွက် ပြိုင်ဆိုင်မှုက ပိုမြင့်တတ်လာနိုင်တယ်လို့ တူဟယ်လ်က သုံးသပ်လာခဲ့ပါတယ်။

Photo Credit : We Ain’t Got No History

ကယ်ပါနဲ့ပတ်သက်ပြီး တူဟယ်လ်က “သူက လက်ရှိအခြေအနေပေါ်မှာ ကျေနပ်နေပုံ မရနိုင်ပေမယ့်လည်း သူ ဒီမှာ ပါဝင်ကစားနေရတာနဲ့ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေရတာကိုတော့ သူ ပျော်ရွှင်နေပါတယ်။ ကစားသမားတိုင်းကတော့ မိနစ်များစွာ ကစားချင်နေတာပဲလေ။ ကျွန်တော်တို့ကလည်း ဂိုးသမားတွေ အပါအဝင် ကစားသမားပေါင်း (၂၄)ဦးလောက် စာချုပ်ထားထားတာဆိုတော့ ကစားသမားတိုင်းကိုတော့ တူညီတဲ့ အချိန်ပမာဏမျိုးပေးဖို့ဆိုတာက မလွယ်ပါဘူး။ တခြားကစားသမားအတွက် ဖြစ်နိုင်လောက်ပေမယ့် ဂိုးသမားတွေအတွက်ကတော့ ခက်ခဲပါတယ်။ ပွဲချိန်အတွင်းမှာ ဂိုးသမားတွေကို လူစားလဲဖို့ဆိုတာက မလွယ်တော့ ပွဲမကစားရတဲ့ ဂိုးသမားအတွက် ပိုပြီးခက်ခဲလာစေရတယ်။ ဒါပေမယ့် ကယ်ပါကတော့ ဒီလိုဖြစ်မနေဘူး။ သူက ပွင့်လင်းပြီး ပရော်ဖက်ရှင်နယ်ပီသတဲ့ အားကစားသမားတစ်ဦးပါ။ သူ ပျော်ရွှင်နေတယ်လို့ပဲ ကျွန်တော်ခံစားမိတယ်။ သူအနေနဲ့ ပွဲကစားခွင့်တွေ ပိုရမယ်ဆိုရင် ဒီထက်ပိုပြီး ပျော်လာနိုင်ပေမယ့် ဒီအတွက်ကိုလည်း သူစိတ်ပူနေမယ်လို့ ကျွန်တော်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက သူ့အတွက် အခွင့်အရေးရဖို့အတွက် ကိုယ်တိုင်ဖိအားပေးနေသလို တိုက်ပွဲဝင်နေသူ ဖြစ်လို့ပါ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။