မိုချန်ဂလာဘတ်အသင်းရဲ့ အယ်ဂျီးရီးယား နောက်ခံကစားသမားဖြစ်သူ ရာမီဘန့်စီဘေးနီက သူဟာ အင်္ဂလန်မြေ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရဖို့ကိုအတွက်ကို အိမ်မက်မက်ထားခဲ့ဖြစ်ကြောင်း သူငယ်စဉ်ကတည်းကလည်း ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့တာဖြစ်လို့ တနေ့နေ့ တချိန်ချိန်မှာ ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက်ပါ ဖြစ်လာချင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goalzz

အသက်(၂၅)နှစ်အရွှယ်ရှိ အယ်ဂျီးရီးယားလက်ရွေးစင် နောက်ခံကစားသမား ဘန့်စီဘေးနီဟာ ၂၀၁၉ခုနှစ်ကမှ ပြင်သစ်ကလပ် ရန်းစ်အသင်းကနေ မိုချန်ဂလာဘတ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘယ်နောက်ခံနေရာအပြင် ဗဟိုခံစစ်နေရာမှာပါ ကစားတတ်တဲ့ စွယ်စုံရ ခံစစ်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ ပေါ်တိုနဲ့ အာဆင်နယ်အသင်းတွေမှာလည်း ခြေစွမ်းပိုင်းကို သွားရောက်အစမ်းသပ်ခံခဲ့ဖူးသူလည်းဖြစ်ပြီး အာဆင်နယ် ယူ-၂၁အသင်းနဲ့အတူ ခြေစမ်းပွဲ(၂)ပွဲခန့်ပင် ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

Photo Credit : HBvL

အယ်ဂျီးရီးယားလက်ရွေးစင်အသင်းနဲ့ အာဖရိကနိုင်ငံများဖလားကို ဆွတ်ခူးခဲ့တဲ့ ဘန့်ဆီဘေးနီဟာ လာမယ့်ကြားရက်မှာတော့ သူရဲ့နိုင်ငံအသင်းဖော် မာရက်ဇ် ပါဝင်နေတဲ့ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရတော့မှာလည်းဖြစ်ပါတယ်။ ဘန့်ဆီဘေးနီက “ကျွန်တော် အသက်ငယ်စဉ်လောက်ကနေ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်အားပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကလည်း ကျွန်တော့်ကို အမြဲတမ်း စွဲဆောင်နိုင်ခဲ့တယ်။ လူတိုင်းနီးပါးကလည်း ကျွန်တော်ဘယ်အသင်းရဲ့ ပရိသတ်တစ်ယောက်လဲဆိုတာကို သိထားကြတယ်။ အခုကတော့ ကျွန်တော်က မိုချန်ဂလာဘတ် အသင်းသားတစ်ယောက်ပါ။ ဒီမှာ ရှိနေရတာကိုလည်း ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် တကယ်လို့များ တစ်နေ့နေ့မှာ ကျွန်တော်ရဲ့ ကစားသမားဘဝကို တစ်ဆင့်မြင့်တင်နိုင်မယ့် အခွင့်အရေးမျိုး ရရှိလာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ကို ဦးစားပေး စဉ်းစားလာမိလိမ့်မယ် ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘန့်စီဘေးနီဟာ ဒီနှစ်ဘောလုံးရာသီမှာ မိုချန်ဂလာဘတ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၉)ပွဲကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၄)ဂိုးအထိကိုပါ သွင်းယူထားနိုင်ခဲ့တဲ့ ခံစစ်ကစားသမားဖြစ်သလို အဲ့ဒီ(၄)ဂိုးထဲကမှ (၂)ဂိုးကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။