ပရီးမီးယားလိဂ် နာမည်ကြီးအသင်းနှစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ဟာ ပြင်သစ်လီဂူးဝမ်းရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မိုနာကိုအသင်းရဲ့ ဘယ်နောက်ခံလူ ဖိုဒီ ဘယ်လို တိုရေးကို အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ လုပ်ဖို့ ရှိတယ်လို့ နာမည်ကြီး အားကစား သတင်းထောက် တစ်ဦးဖြစ်တဲ့ Duncan Castle က ရေးသား ဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၃နှစ်အရွယ် ဘယ်နောက်ခံလူ တိုရေး ဟာ လက်ရှိ ဘောလုံးရာသီမှာ မိုနာကိုအသင်း အတွက် ခြေစွမ်းပြနေတဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးဖြစ်ပြီး လီဂူးဝမ်းပြိုင်ပွဲမှာ ၂၃ပွဲအထိ ကစားပေးထားကာ တစ်ဖက် ကစားသမားတွေကို လိမ်ခေါက် ဖြတ်ကျော်နိုင်မှုမှာရော ဘောလုံးရှင်းထုတ်မှုအပိုင်းမှာပါ အတော်လေး ကောင်းတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

တိုရေးရဲ့ စွမ်းဆောင်ရည်တွေကို အကျဉ်းချုပ် ဖော်ပြရရင် လက်ရှိဘောလုံးရာသီမှာ ဘောလုံး ဖျက်ထုတ်မှု ၆၉ရာခိုင်နှုန်းအထိ အောင်မြင်မှု ရရှိထားသလို တစ်ဖက် ကစားသမားတွေကို လိမ်ခေါက် ဖြတ်ကျော်ရာမှာ ၆၄ ရာခိုင်နှုန်းအထိ အောင်မြင်ထားခဲ့ပါတယ်။ ဒါ့ကြောင်​့ ဘယ်နောက်ခံလူ နေရာအတွက် ကစားသမား တစ်ဦး ရှာဖွေနေတဲ့ ချယ်လ်ဆီးအသင်းဟာ တိုရေးကို ခေါ်ယူချင်နေသလို မန်ယူအသင်းဟာလဲ ဘယ်နောက်ခံလူ လုခ်ရှောရဲ့ ကြံ့ခိုင်မှုကို သံသယရှိနေတာကြောင့် တိုရေးကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်နေတာ ဖြစ်တယ်လို့ Duncan Castle က ရေးသား ဖော်ပြထားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

မိုနာကိုအသင်းကနေ ထွက်ခွာခဲ့တဲ့ ကစားသမားတွေထဲမှာ ဘာနာဒိုဆေးလ်ဗား ၊ မာရှယ် ၊ မော်တင်ဟို စတဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိအပြီးမှာ ခြေစွမ်းပြ ကစားနေနိုင်တာကြောင့် တိုရေးအနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းမပြနိုင်မှာကို စိုးရိမ်စရာ မရှိတဲ့ အချက်ဟာလည်း ချယ်လ်ဆီးနဲ့ မန်ယူအသင်းတွေအတွက် သဘောကျစရာအချက်တစ်ခု ဖြစ်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ဒါ့အပြင် တိုရေးရဲ့ တန်ကြေးဟာ ပေါင်၃၀သန်းအောက်သာ ရှိတာကြောင့် ယနေ့ခေတ် ဘောလုံးစျေးကွက်မှာ စျေးချိုတဲ့ တန်ကြေးဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ လက်စတာ နောက်ခံလူ ချီဝဲလ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အောင်မြင်မှုမရပါက တိုရေးကို ကမ်းလှမ်းမှာဖြစ်သလို မန်ယူအသင်းဟာလည်း မကြာမီမှာပဲ တရားဝင် စတင် ကမ်းလှမ်းလာမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။