ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေ အပြိုင်စိတ်ဝင်စားနေကြတဲ့ လီဂူးကလပ် မိုနာကိုအသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ချူအာမန်နီ မိုနာကိုဘက်ကနေ ကစားသမားရဲ့ တန်ကြေးအဖြစ် ယူရိုသန်း(၈၀)ကနေ သန်း(၁၀၀)ဝန်းကျင်လောက်အထိ သတ်မှတ်လိုက်တယ်လို့ စပိန်နိုင်ငံ နာမည်အကြီးဆုံး သတင်းမီဒီယာ Marca က ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : AS Monaco

အသက်(၂၂)နှစ်အရွှယ်သာ ရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားလေး ချူအာမန်နီဟာ ပြင်သစ်အသင်းနဲ့အတူ UEFA Nations League ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ဆင်နွဲခဲ့ရပြီး ခြေစွမ်းပြသနိုင်ခဲ့သလို အသင်းနဲ့ပါ Nations League ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဘော်ဒိုးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကွင်းလယ်ခံစစ် ကစားသမား ချူအာမန်နီကို ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ရီးယဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူသွားဖို့အတွက် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ကတ်စီမီရိုရဲ့နေရာမှာ ရေရှည်အစားထိုးဖို့အတွက် ချူအာမန်နီကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : 90Min

ဒါပေမယ့် ရီးယဲလ်အသင်းအပြင် ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ လီဂူးကလပ် ပီအက်စ်ဂျီအသင်းတွေကပါ ချူအာမန်နီကို အပြိုင်စိတ်ဝင်စားလာခဲ့ကြပါတယ်။ ဒီလို ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တဲ့ ချူအာမန်နီကို သူရဲ့ကလပ်အသင်း မိုနာကိုဘက်ကနေ ယူရိုသန်း(၆၀)အဖြစ် စတင်သတ်မှတ်ထားပေမယ့် လက်ရှိမှာတော့ ကစားသမားရဲ့ တန်ကြေး ယူရိုသန်း(၈၀)ကနေ သန်း(၁၀၀)လောက်အထိကို တိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။ Transfermarket ဝက်ဆိုက်ဒ်မှာတော့ ချူအာမန်နီရဲ့တန်ကြေးကို ယူရိုသန်း(၄၀)လို့ သတ်မှတ်ထားပေမယ့်လည်း ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိလို့နေတဲ့ အရည်အသွေးမြင့် ကစားသမားဖြစ်လို့ တန်ကြေးကို နှစ်ဆနီးပါးလောက်အထိ တိုးမြှင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာ ချူအာမန်နီကို ခေါ်ယူချင်နေတဲ့ အသင်းတွေအနေနဲ့ ကစားသမားရဲ့ တန်ကြေး မြင့်မားသွားမှုကြောင့် ခေါ်ယူနိုင်ဖို့က ခက်ခဲနိုင်ပြီး တခြား Option ကိုသာ ရွေးချယ်လာနိုင်ပါတယ်။