ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မိုနာကိုက ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဘာလိုဂန်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ ပဏာမ သဘောတူညီမှု ရယူထားနိုင်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အမေရိကန် လက်ရွေးစင် တိုက်စစ်မှူး ဘာလိုဂန်က အာဆင်နယ်ရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လီဂူးဝမ်းကလပ် ရိမ်းစ်ဆီ ပြောင်းရွှေ့ ကစားရင်း တောက်ပနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဘာလိုဂန်က ပြီးခဲ့တဲ့ရာသီမှာ ရိမ်းစ်အတွက် ပြိုင်ပွဲစုံ ၃၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မိုနာကို အပါအဝင် ဥရောပ နာမည်ကြီးကလပ် တချို့က ဘာလိုဂန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

မိုနာကို အပြင် ဥရောပအသင်း တချို့က ဘာလိုဂန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် မိုနာကိုကတော့ ဘာလိုဂန်ကို ခေါ်ယူဖို့ အတက်ကြွဆုံး လှုပ်ရှားနေတဲ့ အသင်း ဖြစ်ပြီး မိုနာကိုဟာ ဘာလိုဂန်ရဲ့ အေးဂျင့်နဲ့ရော ၊ အာဆင်နယ်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေတာ အတော်လေး ကြာမြင့်နေပါပြီ။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ မိုနာကိုနဲ့ အာဆင်နယ်တို့က ဘာလိုဂန်ကို ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ အရောင်းအဝယ် လုပ်မလဲ ဆိုတာကို အကြမ်းဖျင်း သဘောတူညီမှု ရရှိထားပြီး အဆိုပါ သဘောတူညီချက်ကို အခြေခံကာ အသေးစိတ် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ရင် မကြာခင်မှာပဲ တရားဝင် သဘောတူညီမှု တခု ရရှိနိုင်ကြောင်း သိရပါတယ်။

ဘာလိုဂန်ကလည်း သူ အောင်မြင်ခဲ့တဲ့ ပြင်သစ် လီဂူးဝမ်းဆီသာ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် မိုနာကိုရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ စဉ်းစားထားပြီး အာဆင်နယ်ဟာ ဘာလိုဂန်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ရောင်းချနိုင်ဖွယ် ရှိပါတယ်။