MySport Myanmar

ကိုင်စီဒိုကို လိုချင်ရင် ပေါင်သန်း(၉၀)နဲ့ ကမ်းလှမ်းရမယ်လို့ ဘရိုက်တန် အသိပေး

ဘရိုက်တန်အသင်းကတော့ သူတို့အသင်းရဲ့ အီကွေဒေါလက်ရွေးစင် ကွင်းလယ်ကစားသမား မွိုက်စ်ကိုင်စီဒိုကို ခေါ်ယူသွားချင်ကြတယ်ဆိုရင် ကစားသမားအတွက် ပြောင်းရွေ့ကြေး ပေါင်သန်း(၉၀)နဲ့ ကမ်းလှမ်းလာရမယ်လို့ အသိပေးလိုက်ပါတယ်။

Photo Credit : TEAMtalk

အရည်အသွေးမြင့် တောင်အမေရိက ကစားသမား ကိုင်စီဒိုကို အခု ဈေးကွက်အတွင်းမှာပဲ ချယ်လ်ဆီး အာဆင်နယ်အသင်းတွေက ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း သူ့ကို ကလပ်အသင်းကြီးတွေဆီ ပြောင်းရွေ့ခွင့်ပြုဖို့ ဘရိုက်တန်အသင်းထံ တောင်းဆိုလာခဲ့ပါတယ်။ ဘရိုက်တန်ဘက်ကတော့ သူတို့အသင်းအတွက် အရေးပါလှတဲ့ ကိုင်စီဒိုကို အနည်းဆုံး အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားချင်နေပေမယ့် ကစားသမားဘက်ကပါ အသင်းပြောင်းဖို့ တောင်းဆိုလာခဲ့တာတွေကြောင့် အသင်းကနေ ဒဏ်ရိုက်သွားဖို့ ပြင်ဆင်လာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဘရိုက်တန်အသင်းက အခုနှစ် ဘောလုံးရာသီအတွင်းမှာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားကောင်းတွေဖြစ်တဲ့ ထရိုဆက်ဒ် ကူကူရယ်လာ ဘစ်ဆူးမားတို့ကို အသင်းကနေ လက်လွတ်ထားခဲ့ရသလို အသင်းနည်းပြ ဂရေဟမ်ပေါ်တာကိုပါ ချယ်လ်ဆီးအသင်းဆီ ထွက်ခွာခွင့်ပြုထားရတာကြောင့် ရာသီမကုန်ခင်မှာ အသင်းကနေ နောက်ထပ် ကစားသမား ထွက်ခွာမှုတွေ မရှိစေချင်တော့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုင်စီဒိုဘက်ကတော့ သူ့အနေနဲ့ သူ့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ခေါ်ဆောင်ပေးခဲ့တဲ့ ဘရိုက်တန်အသင်းအပေါ် အထူး ကျေးဇူးတင်မိသော်လည်း ကလပ်အသင်းကြီးတွေမှာ ပါဝင်ခွင့်ရမယ့် အခွင့်အရေးကိုတော့ အမိအရ ရယူသွားချင်တယ်လို့ ပြောဆိုလာခဲ့တဲ့အတွက် ကိုင်စီဒိုကို အရ ခေါ်ယူချင်နေသော အာဆင်နယ် ချယ်လ်ဆီးတို့က အခု ဈေးကွက်ထဲမှာပဲ နောက်ထပ် ကမ်းလှမ်းမှုတွေနဲ့အတူ အရ ခေါ်ယူဖွယ် ရှိလာနိုင်ပါတယ်။ ဒါကြောင့် နောက်ဆုံး မဖြစ်မနေ ထုတ်ရောင်းရမယ်ဆိုရတဲ့ အခြေအနေကို ရောက်လာခဲ့ရင် ဘရိုက်တန်ဘက်က သူတို့ ကစားသမားအတွက် ပြောင်းရွေ့ကြေးကို ပေါင်သန်း(၉၀)အထိ အလိုရှိကြောင်း အသိပေးလာခဲ့ပြီး ကိုင်စီဒိုကို အလိုရှိနေတဲ့ လန်ဒန်နှစ်သင်းအနေနဲ့လည်း ဒီပမာဏအထိ သုံးစွဲပြီး ကမ်းလှမ်းလာဦးမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Exit mobile version