တောင်အမေရိက နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အီကွေဒေါနိုင်ငံရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ မွိုက်ဇက် ကိုင်စီဒိုကတော့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားရဖို့ဟာ သူ့အတွက် အိမ်မက် တစ်ခုဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ကိုင်စီဒိုဟာ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားတတ်သူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ကစားဟန်ဟာ ပြင်သစ် ကွင်းလယ်ကြယ်ပွင့် အတွဲ ဖြစ်တဲ့ ကန်တီနဲ့ ပေါ့ဘာတို့ရဲ့ ကစားဟန်တွေကို ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ပြီး သူဟာ ပေါ့ဘာလို နည်းစနစ်ပိုင်း ဆိုင်ရာမှာ ကောင်းမွန်သလို ကန်တီလို ဘောလုံးကို ကြားဖြတ် လုယူမှုတွေ များစွာ ပြုလုပ်နိုင်သူပါ။

Photo Credit: Goal

ကိုင်စီဒိုဟာ လက်ရှိမှာ အီကွေဒေါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်ဒီပန်းဒန့်စ် အသင်းမှာ ကစားနေသူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့် အီကွေဒေါအသင်းရဲ့ လက်ရွေးစင် တစ်ဦး အဖြစ် ရွေးချယ် ခံထားရသလို အီကွေဒေါ လက်ရွေးစင် အသင်းအတွက် ၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူ ပေးထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ကိုင်စီဒိုကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်နေတဲ့ ဥရောပ အခြေစိုက် အသင်းတွေ အတော်များများ ရှိနေခဲ့ပြီး ကိုင်စီဒိုကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ဟာ သူ့ဘဝရဲ့ ကြီးမားတဲ့ အိမ်မက်တစ်ခု ဖြစ်ကြောင်း ဆိုသွားပါတယ်။ ကိုင်စီဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ ဗလင်စီယာကို အားကျတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ချင်တဲ့ အကြောင်းကို ကိုင်စီဒိုက “ဗလင်စီယာက အရမ်းကို ကြိုးစားတဲ့ ကစားသမား တစ်ဦးပါ။ အခု ကျွန်တော်လည်း အရမ်းကို ကြိုးစား နေပါတယ်။ ကျွန်တော်က ကျွန်တော့်ထက် အသက်ကြီးတဲ့ လူတွေနဲ့ ဘောလုံး ကစားခဲ့တယ်။ ကျွန်တော့် အစ်ကိုရဲ့ သူငယ်ချင်းတွေနဲ့ ဘောလုံး ကစားခဲ့ဖူးပြီး သူတို့က ကျွန်တော့်ကို ငိုအောင် လုပ်ခဲ့ကြပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့က ကျွန်တော့်ဆီက ဘောလုံးမရလို့ ကျွန်တော့်ကို ဝိုင်းကန်ကြတာလေ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်က ဘောလုံးသမား တစ်ဦးဖြစ်လာဖို့နဲ့ အင်ဒီပန်းဒန့်စ် အသင်းမှာ ကစားဖို့ စိတ်ကူးယဉ်ခဲ့သူပါ။ အခုတော့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာပါပြီ။ ကျွန်တော့်ရဲ့ နောက်ထပ် အိမ်မက်တစ်ခု ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားဖို့ပါ။ ကျွန်တော်က အင်္ဂလန် ဘောလုံး ကစားဟန်ကို သဘောကျပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့ဟာ ဘောလုံးကို ခပ်မြန်မြန် ကစားကြလို့ပါ” လို့ ဖွင့်ဟ ခဲ့ပါတယ်။