ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်အတွင်း အီဂျစ်နိုင်ငံကို ပြန်လည်ခရီးနှင်နေခဲ့ရတဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းခင် သူရဲ့ညီအစ်ကိုတော်စပ်သူရဲ့ မင်္ဂလာဆောင်အခမ်းအနားကို တတ်ရောက်ခဲ့ရင်း ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရလို့ အီဂျစ်အသင်းရဲ့ ပွဲစဉ်တွေအပြင် လီဗာပူးလ်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ လွဲချော်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဆာလာဟာ ကိုဗစ်ကူးစက်မှုကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းတွေ ဆင်းလို့နေပြီဖြစ်တဲ့အပြင် ဒီနေ့ညမှာ အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာပါ လီဗာပူးလ်အတွက် ပြန်လည်ကစားပေးဖွယ် ရှိနေပါတယ်။ ဆာလာဟာ ကိုဗစ်စစ်ဆေးမှု နောက်တစ်ကြိမ်ကို ပြုလုပ်ရာမှာ Negative ပြလာခဲ့တာကြောင့် တနင်းလာနေ့ကပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေကို ပုံမှန်လုပ်ဆောင်ခဲ့ကြောင်းနဲ့ ဒီနေ့ညပွဲစဉ်မှာလည်း အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်ကြောင်း လီဗာပူးလ်နည်းပြ ယာဂင်ကလော့က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဒီရာသီမှာ အသင်းအတွက် သွင်းဂိုးအများဆုံး ရယူပေးထားနိုင်ခဲ့တဲ့ ဆာလာက ပြန်လည်ကစားပေးနိုင်တော့မှာ ဖြစ်ပေမယ့်လည်း ပေါင်ဒဏ်ရာ ရရှိနေတဲ့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ဒူးဒဏ်ရာ ရရှိနေတဲ့ ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာနဲ့ ကြွက်သားဒဏ်ရာ ရရှိနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ရှာဒန်ရှာကွီရီတို့ကတော့ ပြန်လည်ပါဝင်ကစားနိုင်မလားဆိုတာကိုတော့ သေချာမသိရှိရသေးကြောင်း ကလော့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လက်စတာကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ပါဝင်ကစားသွားခဲ့တဲ့ ကွင်းလယ်လူ နာဘီကီတာမှာလည်း အဲ့ဒီပွဲအတွင်းမှာ တံကောက်ကြောဒဏ်ရာ ရသွားခဲ့တာကြောင့် အတ္တလန်တာနဲ့ပွဲစဉ်ကိုပါ လွဲချော်ရနိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လက်စတာနဲ့ပွဲမှာ အသင်းအတွက် ပွဲသိမ်းတတိယ အနိုင်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုမှာလည်း အသင်းနဲ့ လေ့ကျင့်ခန်းမဆင်းနိုင်တာကြောင့် အတ္တလန်တာနဲ့ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။ အသင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားနေပေမယ့်လည်း လီဗာပူးလ်က သူတို့ရဲ့အုပ်စုအတွင်းမှာ ပွဲတိုင်းကို အနိုင်ရထားတာဖြစ်လို့ (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်ဆီကို တတ်လှမ်းနိုင်ဖို့က အခြေအနေအကောင်းဆုံး ဖြစ်လို့နေပြီး ဒီပွဲကို အနိုင်ရလိုက်မယ်ဆိုရင်လည်း နောက်တစ်ဆင့်ကို တတ်လှမ်းသွားတော့မှာဖြစ်ပါတယ်။