လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ညာတောင်ပံ တိုက်စစ်ကစားသမား မိုဟာမက် ဆာလာကတော့ မနေ့ညက နယူးကာဆယ်နဲ့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဝိန်း ရွန်နီရဲ့ စံချိန်ကိုပါ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ ရိုးမားကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာကတည်းက အသင်းတိုက်စစ်မှာ မာနေး ဖာမီနိုတို့နဲ့ တွဲဖက် ခြေစွမ်းပြသခဲ့သလို ဒီကစားသမားတွေ လီဗာပူးလ်ကနေ စွန့်ခွာသွားချိန်မှာလည်း ဆာလာရဲ့ စွမ်းဆောင်မှုတွေက ကောင်းဆဲကောင်းမြဲသာ ရှိနေပါတယ်။

Photo Credit : Opta Analyst

အခုဆိုရင်လည်း ဆာလာဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အချိန်ကို ရောက်လာခဲ့သည့်တိုင် အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်နေသေးပြီး ဒီရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံအတွင်း (၂၁)ပွဲကစား (၁၅)ဂိုးသွင်း (၁၂)ဂိုး ဖန်တီးပေးထားသလို ပရီးမီးယားလိဂ်မှာလည်း (၁၃)ဂိုးသွင်း (၈)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဆာလာက နယူးကာဆယ် ပွဲကလိုမျိုး ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲတည်းမှာ ဂိုးလည်းသွင်း ဂိုးဖန်တီးမှုလည်း လုပ်ဆောင်နိုင်ခဲ့တဲ့ ပွဲအရေအတွက်ပေါင်းဟာ (၃၇)ပွဲအထိ ရှိလာခဲ့ပြီး ယူနိုက်တက်နဲ့ အဲဗာတန် ကစားသမားဟောင်းကြီး ရွန်နီထက် (၁)ပွဲသာ သွားခဲ့ရကာ စံချိန်သစ်ပါ စိုက်ထူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာ နည်းပြတစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ ရွန်နီက ယူနိုက်တက်နဲ့ အဲဗာတန်တို့အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၄၉၁)ပွဲ ကစားပြီးမှ တစ်ပွဲတည်း ဂိုးသွင်း+ဂိုးဖန်တီးမှုတို့ကို (၃၆)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပေမယ့် ဆာလာကတော့ လီဗာပူးလ်နဲ့ ချယ်လ်ဆီးမှာ ကစားတုန်းက ပရီးမီးယားလိဂ်ပွဲပေါင်း (၂၇၇)ပွဲအတွင်းမှာသာ G/A လုပ်နိုင်တာဖြစ်လို့ ရွန်နီထက် (၂၁၄)ပွဲတောင် လျော့နည်းနေပါတယ်။

ဒီလို စွမ်းဆောင်မှုကောင်းတွေ ပြသနေတဲ့ ဆာလာကို လီဗာပူးလ်ဘက်က တစ်နှစ်သက်တမ်းတိုးသွားဖို့ ရှိနေပြီး ဆာလာဘက်ကလည်း ဒါကို လက်ခံသွားဖို့ အဆင်သင့်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဆာလာနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ကိစ္စကတော့ စောင့်ကြည့်သွားရမယ့် အခြေအနေမှာသာ ရှိနေပါသေးတယ်။