MySport Myanmar

ချယ်လ်ဆီး Legend ကြီး ဒရော့ဘာရဲ့ အံ့မခန်း စံချိန်တစ်ခုကိုပါ ရိုက်ချိုးသွားနိုင်ခဲ့တဲ့ မိုဆာလာ

မနေ့ညက အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ လီဗာပူးလ်အသင်းနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) ပွဲကျန်ပွဲစဉ်မှာ အိမ်ရှင်လီဗာပူးလ်က ဂိုးဒါဇင်ဝက်ထိကို အပြတ်အသတ် သွင်းယူခဲ့ပြီး ဂိုးပြတ်နိုင်ပွဲကို ရရှိခဲ့သလို ဒီပွဲမှာ အသင်းအတွက် သွင်းဂိုး(၃)ဂိုးအထိ ပါဝင်ပတ်သတ်နိုင်ခဲ့တဲ့ မိုဟာမက်ဆာလာမှာလည်း စံချိန်မှတ်တမ်းကောင်းတစ်ခုကိုပါ ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Mirror

ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၉)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့တဲ့ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား မိုဆာလာဟာ မနေ့ညက လိဒ်စ်နဲ့ပွဲစဉ်မှာလည်း အသင်းအတွက် ပင်နယ်တီကနေ သွင်းဂိုး(၂)ဂိုး သွင်းယူခဲ့သလို အသင်းဖော်မာတစ်ရဲ့ သွင်းဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့တာကြောင့် သူရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝအတွင်း သွင်းဂိုး+ဂိုးဖန်တီးမှု ဂိုးပါဝင်ပတ်သက်မှုှုက ဂိုးပေါင်း(၁၆၀)ထိကို ရောက်ရှိလာခဲ့ရပါတယ်။ လီဗာပူးလ် ကစားသမားဘဝအတွင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၁၄)ဂိုး သွင်းယူထားပြီး (၄၃)ဂိုးအထိ ဂိုးဖန်တီးပေးထားတဲ့ ဆာလာဟာ ချယ်လ်ဆီးအသင်းမှာ ပါဝင်ကစားခဲ့စဉ်ကလည်း သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁)ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် အခုလို ဂိုးပါဝင်ပတ်သက်မှုက ဂိုးပေါင်း(၁၆၀)အထိ ရှိလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Mirror

ဒါဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လာရောက်ကစားနေကြတဲ့ အာဖရိက ဘောလုံးသမားတွေထဲမှာ သွင်းဂိုးပါဝင်ပတ်သက်မှု အမြင့်မားဆုံး ပမာဏတစ်ခု ဖြစ်သလို ယခင်ကတည်းက တည်ရှိထားခဲ့တဲ့ ဒီဒီယာဒရော့ဘာရဲ့ စံချိန်ဟောင်းကိုပါ ဖြတ်ကျော်ထားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဒရော့ဘာက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ကျင်လည်ခဲ့စဉ် အသင်းအတွက် သွင်းဂိုးစုစုပေါင်း (၁၀၄)ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလာည်း (၅၅)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့အတွက် သူရဲ့ဂိုးပါဝင်ပတ်သက်မှုက စုစုပေါင်း (၁၅၉)ဂိုးထိ ရှိနေခဲ့ရပြီး ဆာလာမတိုင်ခင် အာဖရိက ကစားသမားတွေထဲကမှ အကောင်းဆုံး စံချိန်တစ်ခု ဖြစ်ခဲ့ရပါတယ်။ အခုတော့ သူရဲ့စံချိန်ကို Egypt King ဆာလာက ရိုက်ချိုးသွားခဲ့တဲ့အပြင် ဆာလာရဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကို ထပ်တွေ့မြင်ရနိုင်သေးတာကြောင့် ဆာလာရဲ့ စံချိန်ကို တခြားကစားသမားတစ်ဦးက ထပ်မံကျော်ဖြတ်ဖို့က ခက်ခဲသွားနိုင်ပါတယ်။ ဆာလာဟာ ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၇)ဂိုးအထိကို သွင်းယူထားပြီး အသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

Exit mobile version