လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာလတ်က လီဗာပူးလ်အသင်းကို မပြောင်းရွေ့လာခင်မှာ စိုးရိမ်နေခဲ့တာက ကစားတဲ့ နေရာတူတဲ့ မာနေးကြောင့် နေရာမရမှာ စိုးရိမ်ခဲ့တယ်လို့ ပြောခဲ့ပြီး နည်းပြ ကလော့ပ်က ဆာလတ် နဲ့ မာနေးကို နေရာမတူအောင် အကောင်းဆုံး စီမံနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဆာလတ်ဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ အီတလီ ရိုးမားအသင်းကနေ အင်္ဂလန် လီဗာပူးလ်အသင်းကို ပေါင် (၃၇) သန်းနဲ့ ပြောင်းလာခဲ့ပြီး အဲဒီအချိန်မှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက ရှေ့တန်းမှာ မာနေး နဲ့ ဖာမင်နိုတို့ကို အသုံးပြုနေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

မာနေးဟာ လီဗာပူးလ်အသင်းကို ဆာလတ် မရောက်လာခင် ညာဘက်ခြမ်းမှာ ကစားခဲ့တာ ဖြစ်ပေမယ့်လည်း နည်းပြ ကလော့ပ်က ဆာလတ် ရောက်ရှိလာမှာ ဖြစ်တာကြောင့် မာနေးကို ညာဘက်ခြမ်းမှာ မကစားစေတော့ဘဲ ဘယ်ဘက်ခြမ်းမှာ ပြောင်းကစားစေခဲ့တာ ဖြစ်ပါတယ်။ ဆာလတ်ဟာ လီဗာပူးလ်အသင်းကို မပြောင်းလာခင် လီဗာပူးလ် နည်းပြ ကလော့ပ်နဲ့ အတူ ကစားရမယ့် နေရာအတွက် ဆွေးနွေးခဲ့ကြပြီး နည်းပြ ကလော့ပ်က မာနေးအနေနဲ့ ဘက်ခြမ်းမှာ ကစားရမှာ ဖြစ်တယ်လို့ ပြောပြီးမှသာ လီဗာပူးလ်အသင်းကို ပြောင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

BeIN Sports မှာ ဆာလတ်က “နည်းပြ ကလော့ပ်က ကျွန်တော်နဲ့ စကားတွေ အများကြီး ပြောခဲ့တယ်။  နည်းပြ ကလော့ပ်ရဲ့ အနာဂတ် စီမံကိန်းက ကျွန်တော့်ကို စိတ်လှုပ်ရှားစေခဲ့တယ်။ ကျွန်တော် သူ့ကို ပထမဆုံး မေးခဲ့တာက “မာနေး” ဘယ်လို ဖြစ်သွားမလဲ ဆိုတာပါပဲ။ ဘာလို့လဲဆိုရင်တော့ မာနေး နဲ့ ကျွန်တော်က ကစားတဲ့ နေရာ တူနေလို့ပါ။ နည်းပြ ကလော့ပ်က မာနေးက ဘယ်ခြမ်းကစားမှာပါလို့ ပြန်ဖြေခဲ့ပါတယ်။ အသင်းမှာ အကောင်းဆုံး တစ်ယောက်ကို ပြောလို့ မရဘူး။ ကျွန်တော်တို့ အသင်းမှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ အလီဆွန်က အကောင်းဆုံးလားလို့ လူ (၁၀) ဦးကို မေးမယ် ဆိုရင် (၉) ယောက်က ဟုတ်တယ်လို့ ပြောလိမ့်မယ်။ အာနိုးလ်၊ မာနေး၊ ဟန်ဒါဆန်၊ ဗန်ဒိုက် နဲ့ ဆာလတ်တို့အတွက်လည်း အတူတူပါပဲ”လို့ ပြောသွားတာ ဖြစ်ပါတယ်။