စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ လူကာ မိုဒရစ် ဟာ သူ့အနေနဲ့ အသင်းမှာပဲ ဆက်ရှိချင်ပြီးတော့ ကစားသမားဘဝ ကို ရီးရဲလ်မက်ဒရစ် အသင်းမှာပဲ အနားယူချင်တယ်လို့ ဆိုလာပါတယ်။ လူကာ မိုဒရစ် နဲ့ ရီးရဲလ်မက်ဒရစ် အကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့်လည်း အသင်းဘက်ကနေ အခုချိန်ထိ တိုင်အောင် စာချုပ်သက်တမ်းတိုးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တစ်ခွန်းမှ ပြောကြားခြင်း မရှိသေးပါဘူး။ လက်ရှိမှာတော့ အသက် ၃၅ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ မိုဒရစ်ဟာ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဖိအားတွေ ဝင်နေပါတယ်။

Photo Credit: Marca

ခရိုအေးရှား လက်ရွေးစင် ကစားသမား ဖြစ်တဲ့ မိုဒရစ် ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်အချို့မှာ သူ့အနေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက် ကြောင့် ပွဲထွက် ကစားခွင့် မရရှိခဲ့ပါဘူး။ မိုဒရစ်ကတော့ သူ့အနေနဲ့ ပွဲထွက်ကစားခွင့် မရခဲ့ရင်တောင် အသင်း အနိုင်ရရှိဖို့ အတွက် လိုအပ်တာမှန်သမျှကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသွားဖို့ ကည်ရွယ်ထားတဲ့ အကြောင်းကို ချန်ပီယံလိဂ်ပွဲစဉ် မတိုင်မီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ “ ကျွန်တော် ရီးရဲလ်မက်ဒရစ် အသင်းမှာ ဆက်နေချင်တယ် ဆိုတာကို အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် ဘာဆက်ဖြစ်မလဲ ဆိုတာတော့ စောင့်ကြည့်ရပါမယ်။ ကျွန်တော့်ကို ဘယ်အချိန်မေးမေး ဒီအဖြေပဲ ဖြေနေမာပါ။ ကျွန်တော်ပျော်ပါတယ်။ ပြီးတော့ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်ကစားချင်တယ်။ ကျွန်တော် အသင်းကို ကူညီနိုင်တယ်လို့ ကိုယ့်ကိုယ်ကို ခံစားမိပါတယ် ”

Photo Credit: Marca

“ ခင်ဗျားကသာ ကျွန်တော့်ကို ဘာလိုချင်လဲလို့ မေးရင် ကျွန်တော် ဆက်နေချင်တယ်လို့ပဲ ဖြေမိမာပါ။ ကျွန်တော့်ရဲ့ ကစားသမားဘဝ ကို ဒီနေရာမှာပဲ အဆုံးသတ်ချင်တယ်။ ဒါပေမယ့် အဲ့ဒါက အကြောင်းအရာ အများကြီးပေါ် မူတည်နေပါတယ်။ အကယ်၍ ကျွန်တော်သာ ကစားသမားဘဝ ကို ဒီနေရာမှာ အဆုံးသတ်နိုင်ခဲ့ရင် ကျွန်တော့်လောက် ပျော်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော် ပျော်တယ်လို့ ခံစားရတယ်။ ကျွန်တော် ကစားခွင့် မရခဲ့တဲ့ ပွဲစဉ်တွေက နည်းပြရဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါ။ ကျွန်တော် ကစားခွင့် ရတဲ့ အခါကျရင်တော့ အကောင်းဆုံး ကစားသွားပါမယ်။ သူတို့ က ကျွန်တော့်ရဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး အများကြီး ပြောဆိုနေကြပါတယ်။ ဒါပေမယ့် အနာဂါတ်မှာ ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။ လူကာ မိုဒရစ်ဟာ ဒီရာသီ ရီးရဲလ်မက်ဒရစ် အသင်းအတွက် လာလီဂါ ၉ ပွဲပါဝင်ကစားထားပြီး ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ၃ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် လက်ရှိခြေစွမ်းပိုင်းအရ အားရစရာ အခြေအနေမျိုးမှာ မရှိသေးပါဘူး။