၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ခရိုအေးရှားရဲ့ အသင်းခေါင်းဆောင် လူကာ မိုဒရစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အာဂျင်တီးနားကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့ကို နိုင်သွားတဲ့ အာဂျင်တီးနားကို ကမ္ဘာ့ဖလား ရစေချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မိုဒရစ် ဦးဆောင်နေတဲ့ ခရိုအေးရှားက ကြယ်ပွင့် ကစားသမားတွေ မပါဝင်ပေမယ့် အသင်းလိုက် စုစည်းမှုအားနဲ့ ကစားတတ်တဲ့ အသင်း ဖြစ်ကာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့သလို ယခု ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နာမည်ကြီး ဘရာဇီးလ်ကို ကွာတားဖိုင်နယ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ် အထိ တက်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဆီမီးဖိုင်နယ်မှာတော့ ခရိုအေးရှားက တောင်အမေရိက ချန်ပီယံ အာဂျင်တီးနားနဲ့ ရင်ဆိုင်တွေ့ခဲ့ပြီး မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားကို ယှဉ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ခရိုအေးရှား နောက်ခံလူတွေက မက်ဆီကို တဦးချင်း ထိန်းချုပ် ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရသလို မက်ဆီနဲ့ အယ်ဗာရက်တို့ရဲ့ တိုက်စစ်အတွဲကိုလည်း မတားဆီးနိုင်ခဲ့တာကြောင့် ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

အာဂျင်တီးနား ၃-၀ ခရိုအေးရှား ပွဲအပြီးမှာတော့ ခရိုအေးရှား အသင်းခေါင်းဆောင် လူကာ မိုဒရစ်က သူဟာ ရှုံးပွဲအတွက် စိတ်ပျက်မိပေမယ့် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘောလုံးသမိုင်းတလျှောက် ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်တာကြောင့် မက်ဆီကို ကမ္ဘာ့ဖလား ရစေချင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Standard

မိုဒရစ်က – “ကျွန်တော်ကတော့ မက်ဆီ တယောက် ဒီနှစ်မှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်မိပါတယ်။ သူက ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားပါ။ သူက ကမ္ဘာ့ဖလားနဲ့ ထိုက်တန်တဲ့ ကစားသမားမျိုးပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။