လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ လူကာ မိုဒရစ်က သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မန်ချက်စတာ စီးတီးကို အနိုင်ယူပြီး ဖိုင်နယ်ဆီ တက်မယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ကြုံးဝါးသွားခဲ့ပါတယ်။

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ လက်ရှိ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ စီးတီးတို့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ၂နှစ်ဆက် လာရောက် တွေ့ဆုံနေတာ ဖြစ်ပြီး ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ကြစဉ်က တဖက် တဂိုးစီ သရေကျခဲ့ပါတယ်။

Photo Credit: Sports Brief

ဒါကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်က ဗိုလ်လုပွဲဆီ ဘယ်အသင်း တက်နိုင်မလဲ ဆိုတာကို အဆုံးအဖြတ် ပေးမယ့် ပွဲစဉ် ဖြစ်ပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ ရေကုန်ရေခမ်း ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီး နှစ်သင်းစလုံးက လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ ဘယ်အသင်းက နိုင်ပွဲ ရသွားမလဲ ဆိုတာကို ခန့်မှန်းရ ခက်ခဲပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ ဖြစ်သူ မိုဒရစ်ကတော့ သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို အင်္ဂလန်မြေမှာ အနိုင်ယူဖို့ အဆင်သင့်ပဲလို့ ဆိုလာပါတယ်။

Photo Credit: Goal

မိုဒရစ်က – “စီးတီးက ဘောလုံးကို ကိုင်ကစားတတ်တဲ့ အသင်းမျိုး ဖြစ်သလို သူတို့ဆီ ကနေ ဘောလုံးကို ပြန်လုဖို့က အတော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် ပထမအကျော့ရဲ့ ပွဲချိန် မိနစ် ၂၀ နောက်ပိုင်းမှာ ကျွန်တော်တို့အသင်းကလည်း သူတို့လိုပဲ ဘောလုံးကိုင်ပြီး ကစားတတ်ကြောင်းကို သက်သေပြပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့က ဒုတိယအကျော့မှာလည်း အဲ့ဒီပုံစံအတိုင်း ကစားသွားပါမယ်။ ကျွန်တော်တို့ တသင်းလုံးက အခုချိန်မှာ တည်တည်ငြိမ်ငြိမ်ပါပဲ။ နည်းပြကြီးက အေးအေးဆေးဆေး ဖြစ်နေသလို သူက ကျွန်တော်တို့ အပေါ် အပြည့်အဝ ယုံကြည်ထားပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းပဲ ဗိုလ်လုပွဲဆီ တက်နိုင်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။