ရီးရဲလ်အသင်းရဲ့ ကွင်းလယ် ကစားသမား မိုဒရစ်က ရော်နယ်ဒိုဟာ ရီးရဲလ် မက်ဒရစ်အသင်းကို အမြဲတမ်း ခွန်အားပေးခဲ့ပြီး ရီးရဲလ်အသင်းအနေနဲ့လည်း ရော်နယ်ဒိုရဲ့ သွင်းဂိုး နဲ့ ခေါင်းဆောင်မှုကို သတိရတယ်လို့ LaGazzetta dello Sport သတင်းမှာ အခိုင်အမာ ပြောကြားသွားပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ (၂၀၀၉) ခုနှစ်ကနေ (၂၀၁၈) ခုနှစ်အထိ (၉) နှစ်ကြာ ကစားခဲ့စဉ်က ရီးရဲလ် မက်ဒရစ်အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့ပြီး ရီးရဲလ်အသင်းကနေ ဂျုဗင်တပ်အသင်းကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: AS

ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ (၅) နှစ်အတွင်းမှာ ချန်ပီယံလိဂ် ဆုဖလား (၄) ကြိမ် နဲ့ ချန်ပီယံလိဂ် ဆုဖလား (၃) ကြိမ်ဆက် ရရှိပြီးနောက် တိုက်စစ်မှူး ရော်နယ်ဒိုကို ရောင်းချခဲ့ပြီး တိုက်စစ်မှူး ရော်နယ်ဒို မပါဘဲ ကစားခဲ့တဲ့ ပထမ ရာသီမှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိရာသီ လာလီဂါ ပြိုင်ပွဲမှာ အဆင့် (၁) နေရာက ဘာစီလိုနာအသင်းနဲ့ ရမှတ် (၂) မှတ်အကွာ အဆင့် (၂) နေရာမှာ ရပ်တည်နေပြီး ရီးရဲလ် ကွင်းလယ် ကစားသမား မိုဒရစ်က ရီးရဲလ်အသင်းအနေနဲ့ ရော်နယ်ဒိုရဲ့ သွင်းဂိုး နဲ့ ခေါင်းဆောင်မှုကို လွမ်းတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: AS

LaGazzetta dello Sport မှာ မိုဒရစ်က “ကစားသမားတွေ အကြောင်း ပြောရတာက ကျွန်တော့် အတွက် အရေးကြီးတယ်။ ရော်နယ်ဒိုက အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ ကျွန်တော်တို့ သူ့ရဲ့ သွင်းဂိုး နဲ့ သူ့ရဲ့ ခေါင်းဆောင်မှုကို သတိရတယ်။ ရော်နယ်ဒိုက အမြဲတမ်း အနိုင်ရချင်တယ်။ သူက ကျွန်တော်တို့ကို ခွန်အားပေးတယ်။ သူက ကျွန်တော်တို့ကို တုန့်ပြန်ဖို့ အားပေးတယ်။ ပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ပြောရမယ် ဆိုရင် သူက နံပါတ် (၁၀) ပါ။ ရော်နယ်ဒိုမှာ ကြီးမားတဲ့ နှလုံးသား ရှိပြီး လိုအပ်တဲ့ သူတွေကို ကူညီဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေပါတယ်။ ကျွန်တော် နောက်ထပ် (၂) နှစ်လောက်ကို အဆင့်အတန်း မြင့်မားစွာနဲ့ ကစားနိုင်ပါသေးတယ်။ ကျွန်တော် ရီးရဲလ်အသင်းမှာ ကစားသမားဘဝ ကုန်ဆုံးချင်ပါတယ်”လို့ ပြောကြားသွားပါတယ်။