စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ လူကာ မိုဒရစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပြိုင်ဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ပြိုင်ဘက် မန်ချက်စတာ စီးတီးကို ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ၁၆သင်း ရှုံးထွက်အဆင့်နဲ့ ကွာတားဖိုင်နယ်တွေမှာ အင်္ဂလန် ထိပ်သီးကလပ်တွေ ဖြစ်တဲ့ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ကို အနိုင်ယူနိုင်ခဲ့ပေမယ့် မန်ချက်စတာ စီးတီးနဲ့ အတွေ့မှာတော့ ဒူးထောက် အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Sky Sports

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့က လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ယှဉ်ပြိုင် ကစားခဲ့တဲ့ နှစ်ပွဲစလုံးဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပြီး ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရစဉ်က တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပထမအကျော့မှာ သရေကျခဲ့တာကြောင့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မှာ ဖြစ်ပြီး နှစ်သင်းစလုံးက အနိုင်ရရေး အတွက် အားကုန်ထုတ် ကစားခဲ့ကြပေမယ့် အိမ်ရှင် မန်ချက်စတာ စီးတီးက ရီးရဲလ်မက်ဒရစ်ကို ခြေစွမ်းပိုင်းအရ အပြတ်အသတ် အသာရကာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

မန်ချက်စတာ စီးတီးက ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ရလဒ် ၅-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲဆီ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ မိုဒရစ်ကလည်း မန်ချက်စတာ စီးတီးဟာ သူတို့အသင်းထက် ခြေစွမ်း ပိုကောင်းခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ ထိုက်တန်ပါတယ်လို့ ဆိုလာပါတယ်။

မိုဒရစ်က – “မန်ချက်စတာ စီးတီးက ကျွန်တော်တို့ထက် ခြေစွမ်း ပိုကောင်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ရဲ့ ခြေစွမ်းကို အသိအမှတ် ပြုရပါမယ်။ ကျွန်တော်ကတော့ ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အတွက် သူတို့ကို ဂုဏ်ပြုချင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။