MySport Myanmar

ရိုနယ်ဒို ၊ ဘန်ဇီမာတို့ ရှိနေတဲ့ ဆော်ဒီမြေဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ လူကာ မိုဒရစ်

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့် ကွင်းလယ်လူ တဦး ဖြစ်သူ လူကာ မိုဒရစ်က သူ့ရဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ရိုနယ်ဒို ၊ ဘန်ဇီမာတို့နည်းတူ ဆော်ဒီမြေဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၇နှစ် အရွယ် ခရိုအေးရှား အသင်းခေါင်းဆောင် လူကာ မိုဒရစ်က ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား တဦး ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရထားပေမယ့် အခုချိန်အထိ စာချုပ်သစ်မှာ လက်မှတ် မထိုးရသေးပါဘူး။

Photo Credit: Goal

ဒါကြောင့်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကြယ်ပွင့် ကစားသမားတွေကို လိုက်လံ ခေါ်ယူနေတဲ့ ဆော်ဒီလိဂ်က မိုဒရစ်ကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပြီး ဆော်ဒီ နာမည်ကြီးကလပ် အယ် အာလီက မိုဒရစ်ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရာမွန် အယ်ဗာရက်ဇ်ရဲ့ ဖော်ပြချက်အရ အယ် အာလီက မိုဒရစ်ရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ တနှစ် လုပ်ခလစာ ယူရို ၈၀သန်း + အပိုဆုကြေး ယူရို ၂၀သန်းနဲ့ (စုစုပေါင်း ယူရို ၁၀၀သန်း) ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Photo Credit: Bleacher Reports

ကနဦးမှာ မိုဒရစ်က ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချကာ ရီးရဲလ်မက်ဒရစ်မှာ ဆက်နေဖို့ စဉ်းစားခဲ့ပေမယ့် အချစ်ဆုံး သူငယ်ချင်း တဦး ဖြစ်သူ ဘန်ဇီမာက ဆော်ဒီ ထိပ်သီးကလပ် အယ် အီတီဟတ်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ဆော်ဒီမြေဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာခဲ့ပြီး အယ် အာလီက သူတို့အသင်းရဲ့ ကနဦး ကမ်းလှမ်းချက်ထက် ပိုမို မြင့်မားတဲ့ ကမ်းလှမ်းချက် တခုနဲ့ မိုဒရစ်ကို ထပ်မံ ကမ်းလှမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ မိုဒရစ်က ဆော်ဒီကလပ် အယ် အာလီနဲ့ ကာတာကလပ် အယ်ဆတ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားကာ မိုဒရစ်ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်တော့မှာ ဖြစ်ပြီး မိုဒရစ်ဟာ ကာတာထက် ရိုနယ်ဒိုနဲ့ ဘန်ဇီမာတို့ ရှိနေတဲ့ ဆော်ဒီမြေဆီ ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များနေပါတယ်။

https://youtu.be/Fhm7sEAPNQkzvv

Exit mobile version