စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ လူကာ မိုဒရစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ သူတို့အသင်းကို အဝေးကွင်းမှာ လာရောက် ရင်ဆိုင် ကစားခဲ့ရပေမယ့် ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးဟာ သူ့ရဲ့ ကစားသမားဘဝမှာ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်အသင်း ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကြိမ်ရေ အများဆုံး ဗိုလ်စွဲထားနိုင်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကွာတားဖိုင်နယ် အဆင့်မှာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဘန်ဇီမာ ၊ တိုနီကရူးစ် ၊ မိုဒရစ်တို့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ အတူ နှစ်ကျော့ပေါင်း ၅-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: AS English

ရီးရဲလ်မက်ဒရစ်ဟာ ချယ်လ်ဆီးကို အနိုင်ရကာ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပေမယ့် ဒုတိယအကျော့ အဖြစ် ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဧည့်သည် ချယ်လ်ဆီးက သူတို့အသင်းထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဘက်က မိုဒရစ်ရဲ့ မှော်ဝင်ခြေစွမ်းကြောင့်သာ အရေးပါတဲ့ ချေပဂိုးကို ရရှိကာ အချိန်ပို ကစားခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ မိုဒရစ်က ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး မိုဒရစ်ကတော့ ချယ်လ်ဆီးဟာ သူ့ရဲ့ ကစားသမားဘဝမှာ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်အသင်း ဖြစ်ကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: AS English

မိုဒရစ်က – “ကျွန်တော်က ချယ်လ်ဆီးရဲ့ ပွဲတွေကို အတော်လေး ကြည့်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီမှာ ကျွန်တော့်ရဲ့ သူငယ်ချင်း ကိုဗာဆစ် ရှိနေတယ်လေ။ ချယ်လ်ဆီးက ကြံ့ခိုင်မှုပိုင်း အတော်လေး ကောင်းမွန်သလို အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းကောင်း တသင်းလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ကစားပုံက အရမ်းကို ကျစ်လျစ်တယ်။ ဒါကြောင့် ဒုတိယအကျော့ပွဲစဉ်မှာ ကျွန်တော်တို့အသင်းက အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ် ဆိုတာကို အားလုံးက သိထားပြီးသားပါ။ ကျွန်တော့်အတွက် ချယ်လ်ဆီးက ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်အသင်းပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။