ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး လူကာ မိုဒရစ်က ဒီနှစ် ဘောလုံးရာသီ အသင်းမှာ ပုံမှန် ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးနေရခြင်းအပေါ် မပျော်မရွှင် ဖြစ်နေရတယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။
ခရိုအေးရှား ဝါရင့် ကွင်းလယ်လူ မိုဒရစ်ဟာ ဒီရာသီ ရီးယဲလ်အသင်းရဲ့ စပိန် လာလီဂါ (၃)ပွဲဆက်တိုက်အထိ အရန်လူစာရင်းမှာသာ ပါဝင်ခဲ့ရပြီး နိုင်ငံတကာ ရက်သတ္တပတ်မတိုင်ခင် ဂီတာဖေးအသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှသာ အသင်းအတွက် ပြန်လည် ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ်။
Photo Credit : Football Espana
မိုဒရစ်ဟာ ဒီနွေမှာ ဆော်ဒီကလပ်အသင်းတွေရဲ့ ပစ်မှတ် ကစားသမား ဖြစ်ခဲ့ရပေမယ့်လည်း အသင်းပြောင်းခြင်း မရှိတဲ့အပြင် ရီးယဲလ်နဲ့ပါ နောက်ထပ် တစ်ရာသီ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် (၃)ပွဲဆက်တိုက် ပွဲထွက် ကစားခွင့် မရခဲ့ချိန်မှာတော့ မိုဒရစ်က “ကစားခွင့်မရရင်တော့ ဘယ်သူကမှ ပျော်ရွှင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ ကစားသမားဘဝတစ်လျှောက် ဒီလိုမျိုး မကြုံတွေ့ဖူးသေးတော့ အဲ့ဒီ ခံစားချက်ကြီးက နည်းနည်း ထူးဆန်းနေပါတယ်။ ဒါပေမယ့် ဒါက နည်းပြကြီးရဲ့ ဆုံးဖြတ်တဲ့ အတိုင်းပါပဲ။”
Photo Credit : Real Madrid Confidencial
“ဒီအတွက်ကြောင့်နဲ့ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်မှာ မဟုတ်ပါဘူး။ သူတို့က ကျွန်တော့်ကို အသင်းမှာ ဆက်နေချင်ကြပြီး ကျွန်တော့်မှာလည်း သူတို့နဲ့ တူညီတဲ့ စိတ်ဆန္ဒ ရှိခဲ့ပါတယ်။ ကျွန်တော့်အခြေအနေက ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ သူတို့ ပြောလာတဲ့အတွက် ကျွန်တော် စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။”
“ကျွန်တော်ကတော့ ကျွန်တော့်ကို အတိတ်က ရွှေရောင်နေ့ရက်တွေကြောင့် အသင်းမှာ မျက်နှာသာပေးထားတာထက် နေရာအတွက် အပြိုင်အဆိုင် ဖြစ်နေတာမျိုးကိုပဲ ဖြစ်စေချင်တယ်လို့ တောင်းဆိုခဲ့တယ်။ ကျွန်တော်နဲ့ နည်းပြကြီးတို့ကြားမှာ ဆက်ဆံရေးက ဘာအဖုအထစ်မှ မရှိပဲ အဆင်ပြေနေပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။