MySport Myanmar

အာဖရိကဖလား ရှုံးကြွေးကို ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပြန်ဆပ်ဖို့ တိုက်တွန်းလိုက်တဲ့ ဆာလာ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ကျင်းပသွားခဲ့တဲ့ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ ပြိုင်ပွဲသမိုင်းတလျှောက် အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ အီဂျစ်ကို ပြိုင်ပွဲမှာ တစ်ကြိမ်မှ ဗိုလ်မစွဲထားဖူးသေးတဲ့ ဆီနီဂေါအသင်းက ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရယူခဲ့ပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးသော အောင်မြင်မှုကြီးတစ်ခုကို ရယူသွားနိုင်ခဲ့ပါတယ်။ ဒီဖိုင်နယ်ပွဲမှာ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အီဂျစ်အသင်းရဲ့ အဓိက ကစားသမား မိုဆာလာကတော့ ဒီရှုံးကြွေးကို ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ပြန်ဆပ်ကြဖို့ သူရဲ့့အီဂျစ်အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

Photo Credit : FotMob

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကင်မရွန်းနိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ ဆီနီဂေါအသင်းနဲ့ အီဂျစ်အသင်းတို့ရဲ့ အာဖရိကဖလား ဖိုင်နယ်ပွဲစဉ်မှာ မိနစ်(၉၀)နဲ့ အချိန်ပို် မိနစ်(၃၀)အတွင်း ဂိုးမရှိသရေ ဖြစ်နေခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ ဆာလာက အီဂျစ်အတွက် (၅)ကြိမ်မြောက် ပင်နယ်တီ မကန်သွင်းရာခင်မှာပဲ ဆီနီဂေါက ပင်နယ်တီ (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်စွဲသွားခဲ့ရပါတယ်။ ဆာလာဟာ သူရဲ့ကလပ် လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ပရီးမီးယားလိဂ်တို့လို ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် လက်ရွေးစင်အသင်းနဲ့ပါ ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့ရာ အခုလို ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့အပေါ် မခံချိမခံသာ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Eurosport

ဒါကြောင့် ဒီဖိုင်နယ်ပွဲအပြီးမှာ ဖိုင်နယ်ရှုံးပွဲကြောင့် သူအပါအဝင် စိတ်ထိခိုက် ကြေကွဲနေရတဲ့ အသင်းဖော်တွေအားလုံးကို မကြာခင်မှာ ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဆုံးအဖြတ် ပေးသွားမယ့် ခြေစစ်ပွဲစဉ်မှာ ဆီနီဂေါအသင်းကို ကလဲ့စားချေသွားရမယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ဆာလာက “ငါတို့တွေ (၁၂)ရက်တာ ကာလထဲမှာ ပွဲစဉ်(၄)ပွဲကို မိနစ်(၁၂၀)စီ ကစားခဲ့ရတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေက အခုဆို ပြီးသွားခဲ့တဲ့ ကိစ္စတွေ ဖြစ်သွားပြီ။ ငါတို့တွေ နောက်လမှာပဲ သူတို့အသင်းနဲ့ ထပ်ပြီး ရင်ဆိုင်သွားရဦးမယ်။ ငါတို့တွေ သူတို့ကို လက်စေးချရလိမ့်မယ်” လို့ အသင်းဖော်တွေကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ အီဂျစ်နဲ့ ဆီနီဂေါအသင်းတို့ဟာ အခုလို အာဖရိကဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံနေရသလို ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲဖို့အတွက် အဆုံးအဖြတ် ဖြစ်နေရတဲ့ နောက်ဆုံးခြေစစ်ပွဲမှာပါ ထပ်မံရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲစဉ်ကလည်း အတော်လေး အကြိတ်အနယ် ရှိလာနိုင်ပါတယ်။ ဒီပွဲစဉ်ကိုတော့ လာမယ့် မတ်လအတွင်း အိမ်ကွင်းအဝေးကွင်း (၂)ကျော့စီ ယှဉ်ပြိုင်သွားစေမှာ ဖြစ်ပါတယ်။

Exit mobile version