အီဂျစ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၁ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ထိ တောက်လျှောက် ပါဝင်ကစားထားခဲ့ရတဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက လာမယ့် ကြာသပတေးနေ့ အန်ဖီးလ်ကွင်းမှာ လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း လီဗာပူးလ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေတယ်လို့ အသင်းနည်းပြ ယာဂင်ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။

The Egyptian suffered AFCON heartbreak after his side lost Sunday's final on penalties

Photo Credit : Daily Mail

လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မိုဆာလာနဲ့ ဆာဒီယိုမာနေးတို့နှစ်ယောက်ဟာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံထားခဲ့ရတာဖြစ်ပြီး မာနေးရဲ့ ဆီနီဂေ်အသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူ ဗိုလ်စွဲသွားခဲ့ရပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲမှာ ဆုဖလားနဲ့ လွဲချော်ခဲ့ရတဲ့ ဆာလာက ပြိုင်ပွဲအပြီးမှာပဲ သဲူ့ကလပ် လီဗာပူးလ်အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်သွားမယ့် ပွဲစဉ်မှာပါ ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ ယာဂင်ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။

Mohamed Salah is in contention to play for Liverpool against Leicester on Thursday

Photo Credit : Daily Mail

လက်စတာနဲ့ပွဲစဉ်မှာ ဆာလာ ပါဝင်လာနိုင်သလားလို့ သတင်းထောက်က ကလော့ပ်ကို မေးမြန်းလာခဲ့ရာ ကလော့ “မှန်ပါတယ်။ ဆာဒီယိုကတော့ ဒီမှာတောင် ရှိနေတာ မဟုတ်လို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မိုကတော့ ပါဝင်လာနိုင်ပါတယ်။ ဆာဒီယိုက လာမယ့် ဗုဒ္ဓဟူးညလောက်ပဲ ပြန်လာနိုင်တာဆိုတော့ ဒီကို ကြာသပတေးနေ့လောက် ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ လက်စတာနဲ့ပွဲကို သူမပါဝင်နိုင်ပါဘူး။ ဆိုလိုတာကတော့ ကမ္ဘာကြီးက သူ့အတွက် သူရဲ့လူတွေအတွက် ဆီနီဂေါ နိုင်ငံသားတွေအတွက်ပါပဲ။ အဲ့ဒါကို ကျွန်တော်တို့ လေးစားသွားရမှာဖြစ်ပြီးတော့ အဲ့ဒီကနေ သူ့ကို ပြန်ခေါ်ဖို့ ဘယ်တော့မှ စဉ်းစားမိမှာ မဟုတ်ပါဘူး။ သူတို့က ဒီအောင်ပွဲနဲ့ ထိုက်တန်တဲ့အတွက် ဒီအခိုက်အတန့်မှာတော့ သူ့ကို ခွင့်ပြုပေးထားပါတယ်”လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆာလာရော မာနေးပါ လီဗာပူးလ်အသင်းအတွက် ဇန်နဝါရီ (၂)ရက်နေ့က ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာသာ ပါဝင်ခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကတည်းက လက်ရွေးစင်အသင်း တာဝန်တွေ ထမ်းဆောင်နေရတာကြောင့် ကလပ်အသင်းအတွက် ပွဲတွေ လွဲချော်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ မတ်လထဲမှာ ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အရေးပါလှတဲ့ ခြေစစ်ပွဲစဉ်အဖြစ်ပါ ထပ်မံရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။