ဟိုဆေးမော်ရင်ဟိုဆိုတာ စပယ်ရှယ်ဝမ်းနည်းပြတစ်ယောက်ဆိုပေမယ့်လို့ သူရဲ့နည်းပြဘဝတလျှောက်မှာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေက ကစားသမားတွေနဲ့ ဆက်ဆံရေးပိုင်းအဆင်မပြေတွေရှိခဲ့ပြီး ကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်းနဲ့ပတ်သက်လို့ လူသိရှင်ကြား ဝေဖန်တတ်သူဖြစ်တာကြောင့် ကစားသမားတချို့ရဲ့မျက်မုန်းကျိုးမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။ အခုလည်း သူ့တပည့်ဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ မစ်ခီတာရန်က သူ့အပေါ် မော်ရင်ဟို ဆူငေါက်ခဲ့တဲ့အကြောင်းကို ပြန်လည်ဖောက်သည်ချ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Aravot

အာမေးနီးယားလက်ရွေးစင် ကွင်းလယ်ဖန်တီးရှင်ကစားသမား ဟင်းနရစ်မစ်ခီတာရန်ဟာ မော်ရင်ဟိုနဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းမှာ အလုပ်တွဲလုပ်ကိုင်ခဲ့ဖူးပြီး ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် မော်ရင်ဟို မစ်ခီတာရန်ကို ယူနိုက်တက်မှာ ပုံမှန်နေရာမပေးခဲ့တဲ့အပြင် ၂၀၁၈ခုနှစ် ဇန်နဝါရီစျေးကွက်မှာလည်း အာဆင်နယ်ကနေ ဆန်းချက်ဇ်ကို ခေါ်ယူရာမှာ တိုက်ရိုက်လဲလှယ်မှုလိုမျိုး ပြုလုပ်ခဲ့ပါသေးတယ်။ အခုတော့ မစ်ခီတာရန်ကလည်း ရိုးမားမှာ ရောက်ရှိလို့နေပြီး မော်ရင်ဟိုကတော့ စပါးအသင်းမှာ နည်းပြအဖြစ် တာဝန်ယူလို့နေပါတယ်။

Photo Credit : AllFootball

လက်ရှိမှာတော့ မစ်ခီတာရန်ဟာ ရိုးမားအသင်းနဲ့အတူ စီးရီးအေပြိုင်ပွဲတွေကို ပါဝင်ဆင်နွဲနေရင်းနဲ့ သူနဲဲ့ မော်ရင်ဟိုကြားက ကတောက်တဆဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်အကြောင်းတွေကို Forza Roma မှာ ဖွင့်ဟလာခဲ့ပါတယ်။ မစ်ခီတာရန်က “တစ်ခါတုန်းကပေါ့။ မော်ရင်ဟို ကျွန်တော်မနက်စာစားနေတဲ့အချိန်လောက် ကျွန်တော့်ဆီကိုရောက်လာပြီး “မင်းကြောင့်လေ ငါ့ကိုစာနယ်ဇင်းသမားတွေက ဝေဖန်နေကြပြီ” လို့ ဆူငေါက်သွားခဲ့တယ်။ ကျွန်တော်ကလည်း “ဟင်…တကယ်လားဆရာ။ ကျွန်တော်ဒီလိုတွေဖြစ်လာဖို့ မရည်ရွှယ်ခဲ့ပါဘူး” လို့ ပြန်ဖြေခဲ့ရတယ်။ ယူနိုက်တက်မှာက သတင်းသမားတွေ ခြေရှပ်နေကြတာ။ တစ်ပတ်မှာ ၃ရက်လောက် သူတို့ရှိတယ်။ ကားထဲကနေ ထွက်လာချိန်ကနေစပြီး ဘယ်လိုဝတ်စုံဝတ်ထားလဲဆိုတာကို လိုက်ရိုက်တော့တာပဲ။ လေ့ကျင့်ခန်းလုပ်တဲ့နေရာကို သွားပြီဆိုရင်လည်း သူတို့က ကြိုတောင်ရောက်နေသေးတယ်။ ခြေလှမ်းတိုင်းကိုပါ သတိထားနေရပါတယ်” လို့ ပြန်လည်ရှင်းပြသွားခဲ့ပါတယ်။