MySport Myanmar

သူက ဘစ္စကာကို မယှဉ်နိုင်ခဲ့ကြောင်း ဖွင့်ဟ ဝန်ခံလာတဲ့ ဂျပန်ကြယ်ပွင့် မီတိုမာ

ပရီးမီးယားလိဂ် ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်ရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ မီတိုမာက သူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၀-၀ ဘရိုက်တန် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ညာနောက်ခံလူ ဘစ္စကာကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိကြောင်း ဖွင့်ဟ ဝန်ခံလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဂျပန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မီတိုမာက ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန်နဲ့အတူ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ပြီး မီတိုမာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဧရိယာ အတွင်း ပြိုင်ဘက် ကစားသမားတွေကို လိမ်ခေါက် ဖြတ်ကျော်မှု အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နေပါတယ်။

Photo Credit: Metro

တက္ကသိုလ် ကျောင်းသားဘဝမှာ ပြိုင်ဘက် ခံစစ်မှူးတွေကို ဘယ်လို လိမ်ခေါက်ရမလဲ ဆိုတဲ့ အကြောင်းအား စာတမ်းပြုစုခဲ့တဲ့ မီတိုမာက သူ့ရဲ့ စာတမ်းကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အလိမ်အခေါက် ကောင်းတဲ့ ကစားသမား တဦး ဖြစ်လာပေမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာတော့ ပြိုင်ဘက် ဘစ္စကာကို ၁ကြိမ်တောင် လိမ်ခေါက်နိုင်ခဲ့ခြင်း မရှိပါဘူး။

မီတိုမာရဲ့ ဘရိုက်တန်နဲ့ ဘစ္စကာရဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဖြစ် ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ မီတိုမာက ဘရိုက်တန်ရဲ့ ဘယ်ခြမ်းတိုက်စစ်ကို ဦးဆောင် ကစားခဲ့ပြီး ဘစ္စကာက မန်ချက်စတာ ယူနိုက်တက်ရဲ့ ညာခြမ်းခံစစ်ကို တာဝန်ယူခဲ့တာကြောင့် သူတို့နှစ်ဦးဟာ တပွဲလုံး ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရပါတယ်။

Photo Credit: Goal

မီတိုမာက အလိမ်အခေါက် အကောင်းဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နေသလို ဘစ္စကာကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လျှောထိုး ဖျက်ထုတ်မှု အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတာကြောင့် သူတို့နှစ်ဦး ထိပ်တိုက် တွေ့ဆုံချိန်မှာ ဘယ်သူက အသာရသွားမလဲ ဆိုတာ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြကာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ မီတိုမာဟာ ဘစ္စကာကို ၁ကြိမ်တောင် မလိမ်ခေါက်နိုင်ခဲ့သလို ဘစ္စကာက မီတိုမာကို ၁ကြိမ်တောင် ပြန်လည် လိမ်ခေါက်ပြခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ ပွဲအပြီးမှာ မီတိုမာက သူဟာ ဘစ္စကာကို ယှဉ်နိုင်ခဲ့ခြင်း မရှိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ မီတိုမာက – “ဘစ္စကာက အရမ်းကို ရင်ဆိုင်ရ ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ ဒီအချက်ကို သူနဲ့ ရင်ဆိုင် ကစားနေတဲ့ အချိန်အတွင်းမှာ တွေးမိခဲ့တာပါပဲ။ ကျွန်တော်က သူ့ကို ဖြတ်ကျော်နိုင်လုနီးပါး ဖြစ်ခဲ့ပေမယ့် အဆုံးသတ်မှာ သူက သူ့ရဲ့ ခြေထောက်ကို ဆန့်ထုတ်ပြီး ကျွန်တော့်ရဲ့ ဘောလုံးတွေကို ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်က သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version