ဘရိုက်တန်အသင်းရဲ့ ဂျပန် ကြယ်ပွင့် ကစားသမား မိတိုမာက သူဟာ ဘောလုံးလောကရဲ့ အထင်ကရ ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကစားသမားမျိုး ဖြစ်ချင်ခဲ့ပြီး ရော်နယ်လ်ဒိုရဲ့ ကစားဟန်ကိုလည်း အတုယူခဲ့ကြောင်း ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

ဂျပန် လက်ရွေးစင် တောင်ပံကစားသမား မိတိုမာဟာ ပရီးမီးယားလိဂ်မှာ နည်းစနစ်ပိုင်း နဲ့ အလိမ်အခေါက် စွမ်းဆောင်ရည် ကောင်းမွန်လှတဲ့ အာရှ ကြယ်ပွင့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး လက်ရှိမှာဆိုလည်း သူ့ကို မန်စီးတီး နဲ့ ချယ်လ်ဆီးတို့ကပါ စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Instagram

ဒီလို စွမ်းဆောင်ရည်မျိုး ပြသနေတဲ့ မိတိုမာက သူဟာ ငယ်စဉ်ကတည်းက ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ကစားသမားဟောင်း ရော်နယ်လ်ဒိုကို အလွန် အားကျခဲ့ရသူဖြစ်ပြီး သူ ဘောလုံးသမား ဖြစ်လာချိန်မှာလည်း သူရဲ့ idol ရော်နယ်လ်ဒိုရဲ့ ကစားဟန်ကိုပါ လိုက်လံ တုပခဲ့ရတယ်လို့ ဝန်ခံထားခဲ့ပါတယ်။

“ကျွန်တော် ငယ်စဉ်တုန်းက ယူနိုက်တက်အသင်းက ရော်နယ်လ်ဒိုကို ကြည့်ဖူးပါတယ်။ သူက ဂိုးတွေလည်း သွင်းယူနိုင်သလို အလိမ်အခေါက် ကောင်းကောင်းနဲ့ ဖရီးကစ်တွေလည်း အကောင်းဆုံး ကန်သွင်းနိုင်ပါတယ်။ သူက ဘာမဆို လုပ်နိုင်တဲ့လူလို့ ကျွန်တော် ခံယူထားပြီး အရမ်းကိုလည်း အားကျမိရပါတယ် ဒါကြောင့်လည်း ကျွန်တော်က သူ့လို ကစားသမားမျိုး ဖြစ်ချင်ခဲ့တာပါ။” လို့ မိတိုမာက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : ESPN

ဒါ့အပြင် အသက် (၂၆)နှစ်အရွယ် မိတိုမာက ဘရိုက်တန်အသင်းမှာ သူဝတ်ဆင်နေတဲ့ ကျောနံပါတ် (၂၂)နဲ့ ပတ်သက်ပြီး “ကျွန်တော် တေလာဆွစ်ဖ်ရဲ့ အမာခံ ပရိသတ်တစ်ဦးပါ။ သူမရဲ့ သီချင်းတွေထဲမှာ (22) ဆိုတဲ့ သီချင်းကို အနှစ်သက်ဆုံးပါပဲ။ ဒါကြောင့် အဲ့ဒီနံပါတ်က ကျွန်တော့်ကို အကောင်းဆုံးတွေ လုပ်ဆောင်ဖို့ တွန်းအားပေးနေသလိုပါပဲ။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

မိတိုမာဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီကမှ ဘရိုက်တန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်လို အထင်ကရ လိဂ်ပြိုင်ပွဲကြီးအတွင်း စတင် ကျင်လည်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ မိတိုမာက ပရီးမီးယားလိဂ် (၃၇)ပွဲ ကစားပြီးထားချိန်မှာ (၈)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။