MySport Myanmar

ရာနှုန်းပြည့်သာ ကစားခဲ့မယ်ဆိုရင် သူလည်း Ballon d’Or ဆုရှင် ဖြစ်နိုင်တယ်လို့ ဘာလော့တယ်ဆီ ဆို

ပြသာနာများနဲ့ အဖော်အပေါင်း မပြုပဲ မနေတတ်သူ ဘောလုံးသမား မာရီယိုဘလော့တယ်လီက သူ့အနေနဲ့ ကွင်းထဲမှာ ရာနှုန်းပြည့် အကောင်းဆုံး ကစားနိုင်ခဲ့မယ်ဆိုရင် ခရစ္စတီယာနိုရော်နယ်လ်ဒို နဲ့ လီယွန်နယ်မက်ဆီတို့လို Ballon d’Or ဆုတွေ သိမ်းပိုက်ရယူနိုင်တဲ့သူ ဖြစ်နေလောက်ပြီလို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sports Illustrated

အီတလီ တိုက်စစ်ကစားသမား ဘလော့တယ်လီဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့့သူ ဖြစ်ပြီး အင်တာမီလန်အသင်း ဖလား(၃)လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှာလည်း အင်တာ ကစားသမားအဖြစ် ပွဲပေါင်း (၄၀)လောက်အထိ ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘောလုံး အရည်အချင်းကောင်းတွေ ပြည့်ဝသူ ဖြစ်သလို နာမည်ကျော် ဘောလုံးသမားကြီးတွေ နည်းပြကောင်းတွေနဲ့ လက်တွဲခွင့် ရရှိခဲ့ပေမယ့်လည်း ပြသာနာကို မီးခွက်ထွန်း ရှာတတ်တဲ့ သူရဲ့အကျင့်ဆိုးတွေကြောင့် ဘလော့တယ်လီရဲ့ ကစားသမားဘဝဟာ တဖြည်းဖြည်း တောက်ပလာရမယ့်အစား မှေးမှိန်ခြင်းတွေသာ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Forbes

အခုတော့ ဘလော့တယ်လီက ကစားသမားဘဝအတွင်း အရွယ်ကောင်း အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ထားချိန်မှာ သူရဲ့ အားစိုက်ထုတ်မှုတွေ မကောင်းခဲ့လို့ ဘောလုံးလောကရဲ့ အထင်ကရ ဆုတွေနဲ့ပါ လွဲချော်ခဲ့ရတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ၂၀၁၀ခုနှစ်ရဲ့ လူငယ် အကောင်းဆုံး ကစားသမားဆုရှင် ဘလော့တယ်လီက “ ရွိုင်အိုလာက ကျွန်တော့်ကို အမြဲတမ်း ပြောတယ်။ ရော်နယ်လ်ဒို နဲ့ မက်ဆီတို့ Ballon d’Or ဆုတွေကို အရေအတွက် အများကြီး ရယူနေနိုင်တာဟာ ကျွန်တော် ရာနှုန်းပြည့် ကစားမပြပဲ (၂၀)%လောက်သာ ကစားခဲ့လို့ပဲ ၊ ကျွန်တော်သာ ရာနှုန်းပြည့် ကစားခဲ့မယ်ဆိုရင် အဲ့ဆုတွေက ကျွန်တော့်အတွက်ပဲ ဆိုပြီး ပြောတယ်။ ကျွန်တော် ပိုမိုပြီး မလုပ်နိုင်ခဲ့တာ တစ်ခုကိုတော့ နောင်တရမိတယ်” လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Sabah

ကစားသမားဘဝအတွင်း အင်တာမီလန် မန်စီးတီး အေစီမီလန် လီဗာပူးလ် မာဆေးလ်တို့လို ဥရောပ ထိပ်တန်းအသင်းတွေမှာ ပါဝင်ကစားခဲ့သူ အသက်(၃၂)နှစ်အရွယ် ဘလော့တယ်လီဟာ လက်ရှိမှာတော့ ဆွစ်ဇာလန်ကလပ် ဆီယွန်မှာ ပါဝင်ကစားနေပြီး (၁၇)ပွဲကစားကာ (၆)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

Exit mobile version