ဂျပန် လက်ရွေးစင် ကစားသမား မီနာမီနိုကတော့ လီဗာပူးလ်အသင်းအတွက် ပွဲချိန်ပြည့် (၁) ပွဲသာ ကစားရသေးပြီး လီဗာပူးလ်အသင်းရဲ့ ကစားဟန်ကို သင်ယူနေဆဲပါလို့ ပြောခဲ့ပါတယ်။ မီနာမီနိုဟာ ရက်ဘူးလ်အသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး လီဗာပူးလ်အသင်းကို ရောက်လာတာ (၃) လကြာပြီ ဖြစ်ပေမဲ့ ပွဲကစားချိန် အနည်းငယ်သာ ရရှိထားပါတယ်။ မီနာမီနိုဟာ ယခုအပတ်က ချဲလ်ဆီးအသင်းကို (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲစဉ်မှာ ပွဲချိန်ပြည့် ကစားခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ပထမဆုံး ကစားခဲ့တဲ့ ပွဲချိန်ပြည့် ဖြစ်ပါတယ်။

Photo Credit: Goal

မိနာမီနိုဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲ ကစားထားပြီးပြီ ဖြစ်ပေမဲ့ ပွဲကစားချိန် နည်းပါးတာကြောင့် သွင်းဂိုး မရှိသေးသလို ဂိုးဖန်တီးမှုပါ မရှိသေးလျက်ရှိပါတယ်။ မီနာမီနိုဟာ ရက်ဘူးလ်အသင်းအတွက် (၆) နှစ်ကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၈၉) ပွဲ ကစားရာမှာ သွင်းဂိုး (၆၄) ဂိုး သွင်းယူခဲ့တာကြောင့် ကွင်းလယ်နေရာမှာ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ သူဟာ လီဗာပူးလ်အသင်းအတွက် သွင်းဂိုး (၁) ဂိုးမှ မသွင်းသေးတာကြောင့် ရလဒ်တွေ ပြသဖို့ လိုအပ်ကြောင်း နဲ့ လီဗာပူးလ်အသင်းရဲ့ ကစားဟန်ကို သင်ယူနေရဆဲပါလို့ ပြောသွားပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းရဲ့ တရားဝင် ဝက်ဆိုဒ်မှာ မီနာမီနိုက “ကျွန်တော် ရလဒ်တွေ ပြသရပါမယ်။ အသင်းဖော်တွေဆီကနေ နဲ့ အသင်းပရိသတ်တွေဆီကနေ ယုံကြည်မှု ရရှိနိုင်ဖို့အတွက်ဆိုရင် ရလဒ်တွေ ပြသဖို့ အလွန် အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီအရာက ကျွန်တော် ရရှိဖို့ လိုအပ်ပြီး အလွန် အရေးကြီးပါတယ်။ ကျွန်တော် ဒီအသင်းမှာ ကစားတာ (၃) လကြာပြီ ဖြစ်ပါတယ်။ ကျွန်တော် ပွဲစဉ်တွေ အများကြီး မကစားရသေးပါဘူး။ ကျွန်တော် ကစားခဲ့ရတဲ့ ပွဲကစားချိန်တွေကလည်း မများပါဘူး။ ဒါပေမဲ့ ဒါက ကောင်းမွန်တဲ့ ဆင်ခြေတွေ မဟုတ်ပါဘူး။ ကျွန်တော် လီဗာပူးလ်အသင်းရဲ့ ကစားဟန်ကို အပြည့်အဝ နားလည်နိုင်ဖို့ သင်ယူနေရဆဲပါပဲ။ ကျွန်တော် စောင့်နေရတာကို မုန်းမိပါတယ်”လို့ အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။