လီဗာပူးလ်အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂျိမ်း မီနာကတော့ သူ့ရဲ့ အသင်းဖော် ဗန်ဒိုက်ကို ချီးကျူးခဲ့ပြီး ဗန်ဒိုက်က မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်၊ မန်စီးတီး နောက်ခံလူဟောင်း ကွန်ပနီတို့နဲ့ အဆင့်တူတယ်လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။ နောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ရောက်ရှိလာကတည်းက လီဗာပူးလ်အသင်းရဲ့ ခံစစ်ကို ပိုမို ခိုင်ခံစေခဲ့တာကြောင့် လက်ရှိရာသီမှာ လီဗာပူးလ်အသင်းက ပေးဂိုး နည်းပါးပြီး ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ နောက်ထပ် ရမှတ် (၆) မှတ်သာ လိုအပ်တော့တာ ဖြစ်ပါတယ်။

Photo Credit: Goal

နယ်သာလန် နောက်ခံ ကစားသးမား ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရော်ဖယ်ရှင်နယ် ဘောလုံးကစားသမားများ အဖွဲ့အစည်းက ပေးအပ်တဲ့ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဘလွန်းဒီအော် ဆုပေးပွဲမှာလည်း မက်ဆီရဲ့ နောက် ဒုတိယနေရာကို ရရှိနိုင်ခဲ့ပါတယ်။ လီဗာပူးလ် ကွင်းလယ်လူ ဂျိမ်း မီနာကတော့ သတင်းမီဒီယာ အစီအစဉ်မှာ နောက်ခံလူ ဗန်ဒိုက်ကို ချီးကျူးသွားခဲ့ပြီး နောက်ခံလူ ဗန်ဒိုက်က ပရီးမီးယားလိဂ်ရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ နောက်ခံလူ ဖာဒီနန်၊ နောက်ခံလူ ကွန်ပနီတို့နဲ့ အဆင့်တူတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မီနာက “ဗန်ဒိုက်က အဲဒီအဆင့်မှာ ရှိတယ်။ ဒီလို နောက်ခံ ကစားသမားမျိုးကို ပိုင်ဆိုင်ရတာက အလွန် ကံကောင်းတယ်။ ဖာဒီနန် နဲ့ ကွန်ပနီကို ကြည့်မယ် ဆိုရင် ဗန်ဒိုက်က သူတို့နဲ့ အဆင့်် အတူတူပါပဲ။ ဗန်ဒိုက်က ပွဲစဉ်ကို ကောင်းစွာ နားလည်တယ်။ လျှင်မြန်တယ်။ သန်မာပါတယ်။ သူက ဘောလုံး ရတဲ့ အချိန်မှာ ကောင်းတယ်။ သူက အသင်းဖော်တွေကို ချိတ်ဆတ်ပေးရတဲ့ အချိန်မှာ အလွန် ကောင်းတဲ့ သူပါ။ သူက လေပေါ်က ဘောလုံးတွေကို အရ လုယူနိုင်ပါတယ်။ သူ့ရဲ့ ကိုယ်နေဟန်ကလည်း ကောင်းတယ်။ ပွဲတစ်ပွဲ ပြီးတဲ့ အခါမှာ ကစားသမားတွေ ဘယ်လောက် အကွာအဝေးကို ပြေးကြသလဲ ဆိုတာကို သိနိုင်တယ်။ သူက အခြားသူတွေကို ကျော်ပြီး ပြေးနိုင်တယ်။ ဒါတောင်မှ သူက နောက်ခံ ကစားသမား တစ်ယောက်နော်”လို့ ပြောခဲ့ပါတယ်။