အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ရိုးမားအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အီဒင် ဒီဇီကို ကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ပေးချေကာ အပြီးသတ် ခေါ်ယူနိုင်တော့မယ်လို့ သိရှိရပါတယ်။ အသက် ၃၄နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘော့စနီးယား တိုက်စစ်မှူး ဒီဇီကိုဟာ ဝုဖ်ဘက်အသင်း ၊ မန်စီးတီးအသင်းနဲ့ ရိုးမားအသင်းတို့မှာ သူဟာ ဂိုးသွင်းမုဆိုးတစ်ဦး ဖြစ်ကြောင်း သက်သေပြထားနိုင်သူ ဖြစ်ပြီး ရိုးမားအသင်း အတွက် ၅နှစ်တာ ကစားပေးခဲ့ရာမှာ ပြိုင်ပွဲစုံ ၂၃၉ပွဲအထိ ပါဝင် ကစားပေးခွင့် ရခဲ့ပြီး သွင်းဂိုး ၁၁၄ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူပါ။

Photo Credit: Calcio Mercato

ဂျူဗင်တပ်အသင်းဟာ သူတို့အသင်းက ပိုင်ဆိုင်တဲ့ ဝါရင့် အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်ကို မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုပြီးတဲ့နောက်မှာ ဒီဇီကိုကို ပြန်လည် ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ကနဦးမှာ ဘာစီလိုနာအသင်း တိုက်စစ်မှူး ဆွာရက်ဇ် ၊ အက်သလက်တီကို အသင်းရဲ့ တိုက်စစ်မှူး မိုရာတာတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စိတ်ကူးပြောင်းကာ ဒီဇီကို ကို ပြောင်းလဲ ခေါ်ယူခဲ့တာပါ။ အီတလီ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ဂျူဗင်တပ်အသင်းဟာ ဒီဇီကို ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားတာဟာ ကြာမြင့်နေပြီ ဖြစ်ကာ ရိုးမားအသင်းက နာပိုလီအသင်းရဲ့ တိုက်စစ်မှူး မီလစ်ကို ခေါ်ယူရာမှာ အောင်မြင်မှု ရတဲ့အထိ စောင့်ဆိုင်းနေရတာကြောင့် အပြောင်းအရွှေ့ဟာ ကြန့်ကြာနေတာလို့ သိရပါတယ်။

 

Photo Credit: Calcio Mercato

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ ဒီဇီကို အတွက် ရိုးမားအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း ပေးချေရမှာ ဖြစ်ကာ ရိုးမားအသင်း ကတော့ မီလစ်အတွက် နာပိုလီအသင်းကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း + အပိုဆုကြေး ယူရို ၈သန်း ပေးချေရမှာ ဖြစ်တယ် လို့ သိထားရပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ ဂျူဗင်တပ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ကို မက်ဒရစ်မြို့ခံ အသင်းတစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းက အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဆွာရက်ဇ်ဟာလည်း ဘာစီလိုနာအသင်း ကနေ ထွက်ခွာချင်နေတာကြောင့် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။