ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ စပါးအသင်းဟာ အီတလီ စီးရီးအေကလပ် နာပိုလီ အသင်းရဲ့ ပိုလန် တိုက်စစ်မှူး မီလစ်ကို ခေါ်ယူနိုင်ဖို့ အရမ်းကို နီးစပ်နေတယ် လို့ ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ စပါးအသင်းဟာ မကြာသေးမီကမှ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂါရတ်ဘေးလ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူ ထားခဲ့ပေမယ့် တိုက်စစ် မြှားဦးကို ဦးဆောင် နိုင်မယ့် တိုက်စစ်မှူး တစ်ဦး ကို ထပ်မံ ခေါ်ယူဖို့ ကြိုးစား နေပြီး လက်ရှိမှာတော့ နာပိုလီ အသင်း ကနေ ထွက်ခွာခွင့် ရရှိ ထားတဲ့ မီလစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ် နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Football Fan Cast

အသက် ၂၆နှစ် အရွယ် ပိုလန် တိုက်စစ်မှူး မီလစ်ဟာ နာပိုလီ အသင်းထံကို ၂၀၁၆ ခုနှစ် ကတည်းက ရောက်ရှိ နေခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပြီး နာပိုလီ အသင်းထံ ရောက်ရှိကာစမှာ စံချိန်တင် သွင်းဂိုးများစွာကို သွင်းယူ နိုင်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်ခဲ့ ရပါတယ်။ ဒါ့ကြောင့်ပဲ နာပိုလီ အသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ လိုင်လီအသင်း ရဲ့ တိုက်စစ်မှူး အိုဆီမန်ကို အသင်းထံ ခေါ်ယူခဲ့ပြီး မီလစ်ကို အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ လုပ်ဆောင် ခဲ့တာပဲ ဖြစ်ပါတယ်။ ကနဦးမှာ မီလစ်ဟာ ရိုးမား အသင်းထံကို ပြောင်းရွှေ့ဖို့ နီးစပ် ခဲ့ပေမယ့် ရိုးမား အသင်းရဲ့ တိုက်စစ်မှူး ဒီဇီကို ဟာ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့နိုင်ခဲ့ခြင်း မရှိတာကြောင့် ရိုးမား အသင်းအနေနဲ့ မီလစ်ကို ခေါ်ယူဖွယ် မရှိတော့ပဲ လက်ရှိမှာတော့ မီလစ်ဟာ စပါးအသင်းထံကို ရောက်ရှိဖို့ နီးစပ် လာတာပါ။

Photo Credit: Football Fan Cast

နာမည်ကြီး သတင်းဌာန အများစုရဲ့ ဖော်ပြချက် အရတော့ မီလစ်ဟာ စပါးအသင်းထံ ပြောင်းရွှေ့ဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ် နေပြီး မီလစ်ရဲ့ အေးဂျင့်တွေဟာ လန်ဒန်မြို့ဆီ ကို သွားရောက် ကာ စပါးအသင်းနဲ့ ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ကလည်း စပါးအသင်းနဲ့ မီလစ်တို့ရဲ့ အပြောင်းအရွှေ့ ကို အတည်ပြု ပေးထားပြီး စပါးအသင်း ဟာ အပိုဆုကြေးတွေ အပါအဝင် မီလစ် အတွက် နာပိုလီအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ဝန်းကျင် ပေးချေရဖွယ် ရှိကြောင်းလည်း ဆိုခဲ့ပါတယ်။ ပေါင် ၂၅ သန်း ဆိုတဲ့ ပမာဏ ဟာ စပါးအသင်း အတွက် ခက်ခဲတဲ့ ပမာဏ မဟုတ်တာကြောင့် မီလစ်အနေနဲ့ မကြာမီမှာပဲ စပါးအသင်းရဲ့ ပဉ္စမမြောက် နွေရာသီ ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း သုံးသပ် လိုက်ရပါတယ်။