MySport Myanmar

မိုရာတာကို ခေါ်ယူထားတဲ့အပြင် အေဘရာဟမ်နဲ့ပါ ဆွေးနွေးနေပြန်တဲ့ မီလန်

အေစီမီလန်အသင်းကတော့ အသင်းတိုက်စစ်ပိုင်းအတွက် စပိန် တိုက်စစ်မှူး အဲလ်ဗာရို မိုရာတာကို အသက်လက်တီကို မက်ဒရစ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့အပြင် အခုလည်း ရိုးမား တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူသွားဖို့ပါ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အေစီမီလန်ဟာ ဒီနွေမှာ အသင်းက အားထားရတဲ့ တိုက်စစ်ကစားသမား အိုလီဗီယာ ဂျရူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့လို့ အသင်းကနေ လက်လွတ်လိုက်ရသလို နောက်ထပ် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အော်ရီဂီနဲ့ ဒီကေတလာယာတို့ကိုပါ လက်လွတ်ထားခဲ့ရပါတယ်။

Photo Credit : Football Italia

ဒါကြောင့် မီလန်က အသင်းတိုက်စစ်ပိုင်းအတွက် ဂျုဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ စပိန် တိုက်စစ်မှူး မိုရာတာကို အသက်လက်တီကို မက်ဒရစ်ကနေ ယူရို (၁၃)သန်းနဲ့ ခေါ်ယူ အားဖြည့်ထားခဲ့ပြီး အခုလည်း ရိုးမားနဲ့ လက်တွဲဖြုတ်ရဖို့ ရှိနေတဲ့ အင်္ဂလန် တိုက်စစ်ကစားသမား အေဘရာဟမ်ကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။

လက်ရှိ မီလန်တိုက်စစ်မှာ တိုက်စစ်မှူးသစ် မိုရာတာ အပါအဝင် လီယာအို ဂျိုဗစ် ကိုလွန်ဘို ပူလီဆစ် ချူကွာဇီ အိုကာဖောတို့ ရှိနေပေမယ့် မိုရာတာနဲ့ ဂျိုဗစ်လောက်ပဲ အထောင်တိုက်စစ်နေရာမှာ ကစားနိုင်တာမို့ အေဘရာဟမ်လို အထောင်တိုက်စစ်ကစားသမားကို ထပ်မံ ဖြည့်တင်းချင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ရိုးမားအသင်းကလည်း လက်ရှိမှာ ဂျီရိုနာရဲ့ ယူကရိန်းတိုက်စစ်မှူး အာသန် ဒေါ့ဗစ်ခ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းနေတာကြောင့် အေဘရာဟမ်ကို ရောင်းထုတ်ဖို့က အခြေအနေ ပိုများလာနိုင်ပြီး အေဘရာဟမ်ကလည်း ACL Injury ကြောင့် ရက်ပေါင်း (၃၀၀)နီးပါးလောက် အနားယူလိုက်ရကတည်းက ရိုးမားဘက်ကနေ ဒီကစားသမားကို စွန့်လွတ်ချင်လာခဲ့တာ ဖြစ်ပါတယ်။

အေဘရာဟမ်က ရိုးမားနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်းက ရှိနေသေးပေမယ့်လည်း ACL ဖြစ်ပြီးကတည်းက အခုထိလည်း ဒဏ်ရာတွေ ရရှိနေဆဲ ဖြစ်သလို ဒေါ့ဗစ်ခ် ရောက်လာခဲ့ရင်လည်း တိုက်စစ်မှာ ဒေါ့ဗစ်ခ်ကို ပိုမို နေရာပေးဖို့ ရှိနေတာကြောင့် အေဘရာဟမ်ရဲ့ အနာဂတ်က မရေရာ ဖြစ်လာခဲ့ရင်း အခုတော့ မီလန်နဲ့ပါ ဆွေးနွေးနေပြီပဲ ဖြစ်ပါတယ်။

Exit mobile version