အေစီမီလန် နည်းပြ စတီဖာနို ပီအိုလီကတော့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့ ရောက်လာမှုက အလွန် အရေးကြီးပေမယ့်လည်း အသင်းတိုးတတ်လာတာက သူ့ကြောင့် မဟုတ်ဘဲ အသင်းက ဇန်နဝါရီလကတည်းက ပုံစံကောင်းတွေ ပြသနိုင်ခဲ့တယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ဟာ မေဂျာလိဂ်ပြိုင်ပွဲက ဂလက်ဆီအသင်းနဲ့ စာချုပ် ကုန်ဆုံးပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းဟောင်း မီလန်အသင်းကို ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး တစ်ကျော့ပြန် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Sportskeeda

အသက် (၃၈) နှစ်အရွယ် တိုက်စစ်မှူး အေဘရာဟီမိုဗစ်ဟာ ဆမ်ဒိုရီးယားအသင်းကို (၄-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ရုံသာမက သွင်းဂိုး (၂) ဂိုးပါ သွင်းယူခဲ့တာကြောင့် လက်ရှိရာသီမှာ အေစီမီလန်အသင်းအတွက် သွင်းဂိုး (၁၀) ဂိုးအထိ သွင်းယူထားပြီ ဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ဆမ်ဒိုရီးယားအသင်းကို အနိုင်ရရှိခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၂) ပွဲဆက် ရှုံးပွဲ မရှိသေးတာ ဖြစ်ပြီး နည်းပြ ပီအိုလီကတော့ အသင်းရဲ့ တိုးတတ်မှုက တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့ ရောက်ရှိလာမှုကြောင့် မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sportskeeda

သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ပီအိုလီက “ဒီအသင်းက ကောင်းမွန်တဲ့ အရည်အချင်း ရှိတယ် ဆိုတာကို သက်သေပြနိုင်တာက လူသစ်ခေါ်ယူပြီးမှ ဆိုတာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့က ဇန်နဝါရီလကတည်းက ကောင်းမွန်တဲ့ အဆင့်မှာ ရှိနေခဲ့ပြီး အဲဒီကာလတွေက အမှတ်ပေး ဇယားမှာ အဆင့် (၂) ဒါမှမဟုတ် အဆင့် (၃) ရရှိခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ တိုးတတ်မှုမှာ အီဘရာက အလွန် အရေးကြီးတယ် ဆိုတာ သိသာထင်းရှားပါတယ်။ ဒါပေမယ့် ဒါက သူ့ရဲ့ ရောက်ရှိလာမှုကြောင့်တော့ မဟုတ်ပါဘူး။ ဒါက ပြီးခဲ့တဲ့ လတွေမှာ စွမ်းဆောင်ခဲ့တဲ့ အရာတွေကြောင့် ဖြစ်ပါတယ်။ ဆီမြွန် ကေအာ ရောက်လာပြီးနောက် အသင်းရဲ့ ကစားကွက် ပြောင်းလဲသွားခဲ့တယ်။ အချို့အရာတွေ ပြောင်းလဲလာခဲ့တာတာဟာ ကျွန်တော်တို့ကို ကွင်းထဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိစေခဲ့ပါတယ်”လို့ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။