ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးနဲ့ နိုင်ဂျီးရီးယားတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ အိုဘီ မီခေးလ်က လက်ရှိမှာ နာပိုလီရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ နိုင်ဂျီးရီးယားကြယ်ပွင့် ဗစ်တာ အိုဆီမန်ကို သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးဆီ ပြောင်းရွှေ့အောင် စည်းရုံးနေပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အိုဘီ မီခေးလ်နဲ့ ဗစ်တာ အိုဆီမန်တို့ နှစ်ဦးစလုံးက နိုင်ဂျီးရီးယား နိုင်ငံသားတွေ ဖြစ်ကြသလို ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိပြီး အိုဆီမန်ဟာ မီခေးလ်ရဲ့ ကစားပုံတွေ ၊ အောင်မြင်မှုတွေကို ကြည့်ကာ ကြီးပြင်းလာသူလည်း ဖြစ်ပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ ဗစ်တာ အိုဆီမန်က စီးရီးအေ ထိပ်သီးကလပ် နာပိုလီရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေပြီး အိုဆီမန်ဟာ နာပိုလီအတွက် ၃နှစ်ကျော် ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၁၁၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၅ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ရရှိထားပါတယ်။

တဖက်မှာတော့ မီခေးလ်ရဲ့ အသင်းဟောင်း ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် ငွေသုံးကြမ်းနေပြီး ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာလည်း ပြောင်းရွှေ့ကြေး ပေါင် ၄၃၀သန်းကျော် အထိ အသုံးပြုကာ ကစားသမားသစ်တွေ ခေါ်ယူထားပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးက ပေါင် ၄၀၀သန်းကျော် အကုန်အကျခံကာ ကစားသမားသစ်တွေ ဝယ်ယူထားပေမယ့် သူတို့အသင်းမှာ ကမ္ဘာ့အဆင့် အထောင်တိုက်စစ်မှူး မရှိသေးပဲ မီခေးလ်ကတော့ ဗစ်တာ အိုဆီမန်ဟာ ချယ်လ်ဆီးအသင်း လိုအပ်နေတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ကာ ချယ်လ်ဆီးက အိုဆီမန်ကို ခေါ်ယူနိုင်အောင် ကူညီပေးမယ်လို့ ဆိုထားပါတယ်။

မီခေးလ်က – “လာမယ့်ရာသီမှာ မင်းက ချယ်လ်ဆီးဆီ ပြောင်းရမယ် ဗစ်တာ။ ငါက ဒီအပြောင်းအရွှေ့ ဖြစ်လာအောင် မင်းကို ကူညီပေးမယ်။ ငါက သေချာပေါက် ဒီအပြောင်းအရွှေ့ကို လုပ်ချင်နေပြီ။ ငါတို့အသင်းက ဒရော့ဘာ မရှိတော့တဲ့နောက်မှာ မင်းလို တိုက်စစ်မှူးမျိုးကို လိုအပ်နေတာ ငါ့ကောင်ရေ” လို့ အင်တာဗျူး တခုမှာ ဗစ်တာ အိုဆီမန်နဲ့ Video Call ပြောရင်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။